ပြန်ပေးဆွဲခံရတဲ့ လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို ကိုလံဘီယာပြောက်ကျားအဖွဲ့ လွှတ်ပေး

By By PKThawn
10 November 2023
ပြန်ပေးဆွဲခံရတဲ့ လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို ကိုလံဘီယာပြောက်ကျားအဖွဲ့ လွှတ်ပေး

ကိုလံဘီယာရဲ့ ELN ပြောက်ကျားအဖွဲ့ဟာ လီဗာပူးလ်ဘောလုံးသမား လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို  ကြာသပတေးနေ့မှာ လွှတ်ပေးခဲ့ပြီး ၁၂ ရက်ကြာ ပြန်ပေးဆွဲခံရတဲ့ ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကို အဆုံးသတ်ခဲ့ပါတယ်။

လွှဲပြောင်းပေးဖို့ ရက်အတန်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် သူပုန်တွေဟာ ဗင်နီဇွဲလားနယ်စပ်ရဲ့ Serrania del Perija တောင်တန်းရှိ နေရာ မဖော်ပြထားတဲ့တနေရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေထံ လူးဝစ်မန်နူရယ်ဒီယက်ဇ်ကို ပေးအပ်ခဲ့ပါတယ်။

အသက် ၅၆ နှစ်ရှိ ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူနဲ့ ၎င်းရဲ့ ပြုစုစောင့်ရှောက်ပေးသူတွေဟာ ရဟတ်ယာဉ်ဖြင့် မြောက်ပိုင်း La Guajira Department ရှိ သူ့မွေးရပ်မြို့ Barrancas မှ ကီလိုမီတာ ၉၀ (၅၆ မိုင်) အကွာရှိ Valledupar မြို့သို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနေပါတယ်။ အဲဒီနောက်မှာမှ သူဟာ မိသားထံ ပြန်သွားမှာဖြစ်ပါတယ်။

ကိုလံဘီယာသူပုန်အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ဒီယက်ဇ်ရဲ့ မိဘနှစ်ပါးကို ဇာတိမြို့ဖြစ်တဲ့ Barrancas မှာ ပြန်ပေးဆွဲခဲ့တာပါ။ ဒါပေမယ့် သူပုန်အဖွဲ့ဟာ ပြန်ပေးဆွဲပြီး နာရီပိုင်းအကြာမှာ ဒီယက်ဇ်ရဲ့ မိခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီယက်ဇ်ကို လက်ခံခဲ့တဲ့အဖွဲ့ထဲက အဖွဲ့ဝင် Monsignor Francisco Ceballos ရဲ့ အဆိုအရ "သူပုန်အဖွဲ့ဟာ သူ့ကို ဖမ်းဆီးခဲ့ချိန်မှာ သူဟာ လေးရက်ကြာအောင် လမ်းလျှောက်ခဲ့ရပြီး အခုချိန်မှာတော့ သူတို့ဟာ သူ့ကို လွှဲပြောင်းပေးချိန်က နှစ်ရက်ကြာခဲ့တယ်"လို့ ပြောပါတယ်။

ဒီယက်ဇ်က "လူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ... ကျနော့်မိသားစုကို သူတို့တွေပေးခဲ့တဲ့ ကြီးမားတဲ့ပံ့ပိုးမှုတွေအတွက်ပါ။ ကျနော် သူတို့ကို အရမ်းချစ်ပါတယ်၊ မကြာခင်မှာ သူတို့ကို ပွေ့ဖက်နှုတ်ဆက်ခွင့်ရတော့မှာပါ။"လို့ Blu Radio ကတဆင့် စကားပါးခဲ့ပါတယ်။

သူ့ရဲ့ "အမြန်" လွတ်မြောက်လာမှုအတွက် စစ်တပ်ကို ကျေးဇူးတင်ကြောင်း ဒီယက်ဇ်က တခြားဗီဒီယိုတစ်ခုမှာ ပြောပါတယ်။

သူ့ညီမ Aracelys Diaz က သူ့အစ်ကိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်စိတ်ခဲ့ရှိပေမယ့် မိသားစုက "ပျော်ရွှင်နေတယ်"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"သူက ကျမတို့ လိုချင်သလို မဟုတ်ပေမယ့် နေကောင်းကျန်းမာနေတယ်။ သူ အသက်ရှင်နေတယ်"လို့ သူမက ပြောဆိုပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required