ကျွန်းစုမြို့ ဝါရစ်ရွာမှာ တိုက်ပွဲဖြစ် အရပ်သား ၂ ဦး သေဆုံး သံဃာတော်ထိခိုက်ဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
16 November 2023
ကျွန်းစုမြို့ ဝါရစ်ရွာမှာ တိုက်ပွဲဖြစ် အရပ်သား ၂ ဦး သေဆုံး သံဃာတော်ထိခိုက်ဟုဆို
Photo: ဝါရစ်ကျေးရွာအား တွေ့ရစဉ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာတွင်  စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးကာ သံဃာတော် တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် PDF ရဲဘော်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်၌  နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျွန်းစုမြို့နေ ဒေသခံသတင်းရင်းမြစ် တဦးက “တိုက်ပွဲ ဖြစ်တာတော့ သိရတယ်၊ လောလောဆယ်က အရပ်သား နှစ်ဦးနဲ့ သံဃာတော် တပါး ထိခိုက်တယ်လို့ပဲ ကြားရတယ်၊ ရွာမှာက စစ်ရှောင်တွေ များနေတော့ ကျန်တဲ့ အချက်အလက်တွေ ဘာမှ မသိရသေးဘူး ဖြစ်နေတယ်”ဟု ပြောသည်။

ထိုအပြင် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖက်က ထိခိုက်မှုများလည်းရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုရန် ကြိုးစားနေသည်။

“အခု တိုက်ပွဲ ဖြစ်တဲ့ရွာအပါဝင် မောင်းလှော်၊ မင်းသန်း စတဲ့ ရွာတွေက ပျူစောထီး အင်အားကောင်းတဲ့ ရွာတွေဖြစ်လို့ ဒေသခံအတော်များများကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ပေါ်ကို စစ်ရှောင်နေကြရတယ်” ဟု စစ်ရှောင်များနှင့် နီးစပ်သူ မြိတ်ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းဂုတ်ကျေးရွာတွင် ပျူစောထီး တဦး သေဆုံးပြီးနောက် ကျေးရွာနေ ပြည်သူများကို မဲစနစ်ဖြင့် လက်နက်ကိုင်ပြီး ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ကို မဖြစ်မနေ ဝင်ရမည်ဟု လိုက်လံစည်းရုံးခဲ့တာရှိခဲ့၍ လက်နက်မကိုင်လိုသည့် ပြည်သူများက ယင်းကျေးရွာတွင် ဆက်လက်နေထိုင်ခြင်း မရှိတော့ဘဲ မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ရှောင်ခဲ့ကြောင်း စစ်ရှောင်မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက  အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly