အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း နှစ်ပတ်လည်ပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

By YT  ( မဇ္ဈိမ)
16 November 2023
အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း နှစ်ပတ်လည်ပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

ဒရုန်းများ ဖြတ်သန်းမောင်းနှင်ခြင်းမပြုနိုင်ရန် ဆက်သွယ်ရေးကွန်ယက် ဖြတ်တောက်သည့် ကိရိယာ (ဂျန်ပါ)များ တပ်ဆင်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရခိုင်ကုန်းရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၅ နာရီကျော်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်​ (ရတခ) ၏ နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ပွဲကျင်းပရာ ခန်းမအနီး ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

" ဒီနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတိုက်ခံရတယ် ခန်းမနား ကျတယ်တဲ့။ ဒရုန်းနဲ့ ပစ်ခံရတာလို့တော့ ကြားတာပဲ၊ အဲ့ဒါပြီးတော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ အထိအခိုက်တော့ ရှိမှာပေါ့" ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်​ (ရတခ) ၏ နှစ်ပတ်လည် အခမ်းအနားအား စစ်ကောင်စီ၊ DKBA၊ BGF စသည့် လက်နက်ကိုင်တပ်ဖွဲ့များအပြင် စီးပွားရေးလုပ်ငန်းရှင်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သွားရောက်
လုပ်ဆောင်ခဲ့သည့် Alpha Bat ဒရုန်းတပ်ဖွဲ့အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း " ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးမှ ပြန်လည်ဖြေကြားလိုပါတယ်" ဟု ပြောသည်။ 

ဒရုန်းဖြင့်ဗုံးကြဲခံရမှုကြောင့် နှစ်ပတ်လည်ပွဲတက်ရောက်လာသည့် ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိများအပါအဝင် အများအပြား အထိအခိုက်ရှိကြောင်း ဒေသခံများက ပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲသာဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက မော်လမြိုင်မြို့အဝင်အထွက်နေရာများ၊ ဈေးချိုအဝိုင်း၊ မော်လမြိုင်- မုဒုံလမ်းမပေါ်တို့တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly