ဆော်ဒီမှာ ကစားဖို့ မည်သည့်သဘောတူညီချက်ကိုမျှ မရှိကြောင်း အင်တာမိုင်ယာမီ ပြော

By AFP
23 November 2023
ဆော်ဒီမှာ ကစားဖို့ မည်သည့်သဘောတူညီချက်ကိုမျှ မရှိကြောင်း အင်တာမိုင်ယာမီ ပြော

အင်တာမိုင်ယာမီဟာ ဆော်ဒီကလပ်နှစ်သင်းနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အင်္ဂါနေ့အစောပိုင်းက ကြေညာခဲ့တဲ့ ပွဲစီစဉ်သူရဲ့ ပြောဆိုချက်ကို မေဂျာလိဂ်ကလပ်က ငြင်းဆိုထားပြီး လာမယ့် ဖေဖော်ဝါရီလမှာ ဆော်ဒီအာရေဗျမှာ ယှဉ်ပြိုင်ဖို့ သဘောတူညီထားခြင်းမရှိကြောင်း ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာ ရီယာ့ဒ်ရာသီဖလားပြိုင်ပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာတို့ကြား ပွဲစဉ်အပါအဝင် အယ်လ်-ဟီလာလ်နဲ့အတူ တခြားအသင်းတသင်းတို့နဲ့ ယှဉ်ပြိုင်ကစားကြမယ်လို့ ကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ အမေရိကန်ကလပ်အသင်းက မည်သည့်ရာသီကြိုခရီးစဉ်အစီအစဉ်တခုကိုမျှ အတည်ပြုမထားကြောင်း ငြင်းဆိုခဲ့ပါတယ်။

"အင်တာမိုင်ယာမီ CF ဟာ ရီယာ့ဒ် ရာသီဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စီစဉ်ထားကြောင်း ဆိုတဲ့ ကြေညာချက်တစောင်ကို ဒီကနေ့အစောပိုင်းက ထွတ်ပေါ်ခဲ့တယ်။ ၎င်းဟာ မှားယွင်းတဲ့ ဖော်ပြချက်ပါ။" အင်တာမိုင်ယာမီရဲ့ ထုတ်ပြန်ချက်က ပြောပါတယ်။

"အသင်းပိုင်ရှင် ဂျော့ချ်မက်စ်ရဲ့ ပြောဆိုချက်တွေ ထုတ်ပြန်ချက်မှာ ပါရှိတယ်။ မတ်စ်က ရာသီကြို ခရီးစဉ်နဲ့ ပတ်သတ်ပြီး လူသိရှင်ကြား ဒါမှမဟုတ် သီးသန့် မှတ်ချက်တွေ မပေးထားပါဘူး။"

ဘလွန်းဒီအော် ၈ ကြိမ်ဆုရှင် မက်ဆီဟာ ဇူလိုင်လက အင်တာမိုင်ယာမီနဲ့ ပူးပေါင်းခဲ့ပြီး အမေရိကန်၊ မက္ကဆီကိုကလပ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ လိဂ်ဖလား (Leagues Cup)ပြိုင်ပွဲမှာ အသင်းနဲ့အတူ ချန်ပီယံဆုရရှိခဲ့ပါတယ်။ သူဟာ အင်တာမိုင်ယာမီကို ကမ္ဘာ့တဝှမ်းမှ ပြိုင်ပွဲရပ်တွေအတွက် အလိုရှိတဲ့ အသင်းဖြစ်လာစေခဲ့ပါတယ်။

"တရုတ်နိုင်ငံမှာ မထင်မှတ်ထားတဲ့ အခြေအနေတွေ"ကြောင့် တရုတ်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေကို ရပ်ဆိုင်းလိုက်ကြောင်း အင်တာမိုင်ယာမီက အခုလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ပြန်လည်တွေ့ဆုံပွဲဟာ စိတ်လှုပ်ရှားစရာဖြစ်တာမှန်ပေမယ့် ဖြစ်လာနိုင်စရာမရှိကောင်း အင်တာမိုင်ယာမီရဲ့ ထုတ်ပြန်ချက်မှာ အခုနောက်ဆုံးအခြေအနေကို ဆိုထားပါတယ်။

"အင်တာမိုင်ယာမီဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တခုဖြစ်လာဖို့ အစကတည်းက စိတ်ကူးရှိထားပါတယ်။ ဒီလိုဖြစ်လာအောင် ကျနော်တို့ရဲ့ ၂၀၂၄ ရာသီကြိုအစီစဉ်ကို ဆုံးဖြတ်ဖို့ ပြောဆိုတာတွေ ရှိနေပါတယ်"လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

"အင်တာမိုင်ယာမီရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်မှာ လိုက်ပါလာမယ့် ကျနော်တို့ရဲ့ ကစားသမားတွေကို လာမယ့် ရက်သတ္တပတ်တွေမှာ ကြေညာဖို့ မျှော်လင့်ပါတယ်။"

အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းကို မနှစ်က ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အယ်လ်-နာဆာသို့ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရီယာ့ဒ် All-Star XI  အသင်းနဲ့အတူ ဆော်ဒီအာရေဗီးယားမှာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲကို ကစားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required