ငပလီမှာ ပိတ်မိနေသည့်ခရီးသွားများ ဟိုတယ်ထောက်ခံစာပါမှသာ ‌ပြန်ခွင့်ရ

By ဓါတု (မဇ္ဈိမ)
16 November 2023
ငပလီမှာ ပိတ်မိနေသည့်ခရီးသွားများ ဟိုတယ်ထောက်ခံစာပါမှသာ ‌ပြန်ခွင့်ရ
ပုံအညွှန်း- ငပလီကမ်းခြေမြင်ကွင်း (photo- CJ)

ရခိုင်ပြည်နယ် ၊သံတွဲမြို့မှ လေးမိုင်အကွာရှိ  ငပလီကမ်းခြေတွင်ပိတ်မိနေသည့် ခရီးသွားများအနေဖြင့် လာရောက်တည်းခိုသည့် ဟိုတယ်ထောက်ခံစာပါမှသာလျင် နေရပ်သို့ပြန်ခွင့်ရရှိကြောင်း သိရသည်။
 
"လေကြောင်းကတော့ ဖွင့်ထားတော့ စစခြင်းရက်ထဲက လေယာဥ်တွေနဲ့ပြန်ကြတာတွေ ရှိတယ် ။ ဒါပေမယ့် ကားလိုင်းနဲ့ပြန်တဲ့သူကျတော့ ပိတ်မိနေတာပေါ့ ။ အခုတော့ ဟိုတယ်မှာဘယ်ရက်ကနေ သွားခဲ့တယ်ဆိုတဲ့ရက်စွဲနဲ့ ဒီခရီးသည်က ဒီမှာတည်းတာဟုတ်ပါတယ်၊ ဘာမှလုပ်ဖို့မဟုတ်ဘဲ ခရီးသွားသက်သက်ဆိုတဲ့ ဟိုတယ်ထောက်ခံစာပါရင်တော့ ကားလိုင်းနဲ့ပြန်လို့ရတယ်"ဟု ငပလီရှိ တည်းခိုခန်းတခုမှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းမှစ၍  ငပီကမ်းခြေမှဖြတ်သန်းသွားရသည့် တောင်ကုတ်မြို့နှင့်ဂွမြို့ရှိ စစ်ဆေးရေးကားဂိတ်များအား ထောက်ခံစာပါလျင် ပြန်ခွင့်ရရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ ပိတ်မိနေသည့် ခရီးသွားများအား ဟိုတယ်၊ မိုတယ်တည်းခိုခန်းတချို့မှ အခမဲ့တည်းခွင့်ပေးထားခြင်းများနှင့် တခြားစားရေးသောက်ရေးကိစ္စတချို့ ဖြေရှင်းပေးခြင်းများရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်မှကုန်းကြောင်း၊ ရေကြောင်းပိတ်ဆို့မှုများကြောင့် ငပလီကမ်းခြေတွင် ခရီးသွားထောင်ချီမှာ ယခု သုံးရက်တာကာလအထိ ပိတ်မိနေခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင်  ရက္ခိုင့်တပ်တော်( AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ယနေ့ နိုဝင်ဘာလ ၁၆ ရက်အထိတိုက်ပွဲများပြင်းထန်၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required