မန္တလေးမြို့အ၀င်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်၊ ဌာနဆိုင်ရာများကို စစ်အင်အားတိုးချဲ့ချထား ဟုဆို

By 007 (မဇ္ဈိမ)
16 November 2023
မန္တလေးမြို့အ၀င်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်၊ ဌာနဆိုင်ရာများကို စစ်အင်အားတိုးချဲ့ချထား ဟုဆို
ပုံစာ - မြို့အဝင်ဂိတ်များတွင်လုံခြုံရေးတင်းကျပ်ထား

မန္တလေးမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးကြေညာလိုက်ပြီးနောက်၊ မန္တလေးမြို့အ၀င်ဂိတ်များအား စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားသည်ကိုတွေ့ရကြောင်း ဒေသခံများထံက သိရသည်။

“အတင်းကျပ်ဆုံး(နေရာ)ကတော့ ရွှေကျင်ဂိတ်ပဲ၊ မတ္တရာဘက်က အ၀င်ဂိတ်ဆိုတော့ တအားတင်းကျပ်ထားတာတွေ့ခဲ့ရတယ်” ဟု မြို့ခံသတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၁၃ ရက်နေ့က မန္တလေးခရိုင်တပ်ရင်း လေးရင်းဦးဆောင်မှုဖြင့် မန္တလေးမြို့ကိုသိမ်းယူမည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း ပြည်သူသို့ တရား၀င်အသိပေးကြေညာလိုက်ရာ ထိုနေ့နောက်ပိုင်းကစ၍ မန္တလေးမြို့ကို စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ပြီးလုံခြုံရေးတင်းကျပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ မြောက်ဘက်တွင် မန္တလေး-မတ္တရာလမ်းပိုင်း ရွှေကျင်ဂိတ်(မြို့အ၀င် Tool Gate)၊ တောင်ဘက်တွင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ မြစ်ငယ်တိုးဂိတ်(မြို့အ၀င် Tool Gate)၊ အနောက်ဘက်တွင် စစ်ကိုင်းတံတားအနီးရှိ ရွှေကြက်ယက်ဂိတ်(မြို့အ၀င် Tool Gate)၊ အရှေ့ဘက်တွင် မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း ၁၆ မိုင်စစ်ဆေးရေးဂိတ်(X-Ray) တို့မှ ၀င်ရောက်နိုင်သည့်အတွက် အဆိုပါဂိတ်များတွင် လုံခြုံရေးနှင့်စစ်ဆေးရေးတင်းကျပ်ထားပြီး အင်အားတိုးမြှင့်ချထားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံများကဆိုသည်။

ပုံစာ -  မြို့တွင်းဌာနဆိုင်ရာရုံးများတွင် အကာအရံများထပ်တိုးချထား

“မေမြို့အဆင်း ၁၆ မိုင်(X-Ray)ဂိတ်မှာ အရင်ရက်တွေတုန်းက စစ်သားနှစ်ယောက်သုံးယောက်လောက်ပဲ အပြင်လုံခြုံရေးယူထားတယ်၊ အခု ငါးယောက်နဲ့အထက်တွေ့ရတယ်” ဟု ယမန်နေ့ညနေပိုင်းက ပြင်ဦးလွင်မြို့ မှပြန်လာသည့် မန္တလေးမြို့သူတဦးကလည်း ယနေ့(နို၀င်ဘာ ၁၆ ရက်)နံနက်ပိုင်းတွင် မဇ္စျိမကိုပြောသည်။

မြို့အနောက်ဘက်မှ ၀င်လမ်းဖြစ်သည့် စစ်ကိုင်းတံတားအဆင်း အမရပူရမြို့နယ် ရွှေကြက်ယက်ဂိတ်အနီး ၀န်းကျင်တွင်လည်း မသင်္ကာဖွယ်ရာအရပ်၀တ်တချို့တွေ့ခဲ့ရကြောင်း၊ ၎င်းတို့သည် ပျူလက်နက်ကိုင်များ ဖြစ်နိုင်ကြောင်း ယနေ့နံနက်ပိုင်း စစ်ကိုင်းမြို့ဘက်ကမ်းမှ မန္တလေးမြို့သို့ပြန်လာသူတချို့ကလည်း ဆိုသည်။

အလားတူ မြို့တွင်းအချက်အချာကျသော နေရာများအပါအ၀င်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အင်အားဖြည့်တင်းထားကြောင်း အထူးသဖြင့် လုံခြုံရေးအကာအရံများ ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ပုံစာ -  မြို့တွင်းဌာနဆိုင်ရာရုံးများတွင် အကာအရံများထပ်တိုးချထား

“စစ်သားတွေအများကြီး ယောက်ယက်ခတ်နေတာမျိုးတော့ မတွေ့ရဘူး၊ ရပ်ကွက်ရုံးနဲ့ရဲစခန်းရှေ့ အကာအရံတွေတော့ ထပ်တိုးထားတယ်” ဟု နောက်သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က၊ ရှမ်းပြည်မြောက်ပိုင်းတွင် စခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်သည်အထိ တော်လှန်ရေးရေချိန်မြင့်တက်ခဲ့သည်။

မန္တလေးတိုင်းတွင်လည်း မတ္တရာနှင့်သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးဆင်နွှဲနေရာ၊ ယနေ့နံနက်နောက်ဆုံးရရှိသောသတင်းအရ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် TNLA , PDF MDY နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required