ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီး ရဲတပ်သား ၉ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
16 November 2023
ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီး ရဲတပ်သား ၉ ဦးသေဆုံး
ပုံစာ- ကျားသစ်နက်တပ်ဖွဲ့

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲနေသည့် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ကိုးဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီတပ်က ခံစစ်ပြင်ခုခံခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက မဇ္ဈိမကို ပြောသည်။

“ ရဲစခန်းနှင့်ထွေအုပ်ရုံးကို အဓိကထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သားတွေက ရဲစခန်းပတ်ပတ်လည်ကို နင်းမိုင်းတွေ ထောင်ထားပြီး ဘန်ကာတွေ ၊ ကတုတ်ကျင်းတွေကနေ ခံစစ်ပြင် ခုခံခဲ့ကြတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု ခြောက်နာရီခန့်အကြာတွင် ပုလဲမြို့နှင့် ခုနစ်မိုင်ခန့်အကွာရှိ ကျားတက်ရွာရဲစခန်းမှ စစ်ကောင်စီတပ်သား ၈၀ ခန့် ပုလဲမြို့ပေါ်သို့ တပ်ကူထွက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

ထိုတိုက်ပွဲတွင် ရဲစခန်းအတွင်း ခံစစ်အသွင်ဖြင့် ခုခံနေသည့် ရဲတပ်သားများအနီး ၅၀၀ မမ ငါးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်သား ကံကောင်း ၊ လင်းလင်း အပါအဝင် ရဲ ကိုးဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ကျားသစ်နက် တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်ဖွဲ့ ၊ ချင်းတွင်းတိုးနယား ၊ မြိုင်မြို့နယ် တပ်ရင်းများနှင့် မြိုင် ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းထားခြင်းကြောင့် ပုလဲမြို့ရှိ ဒေသခံများအပါအဝင် မြကုန်း ၊ အလယ်ဘုံ၊ လက်တောင်းကြီး ၊ ကြေးနန်း စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required