မြောက်ဥက္ကလာရှိ  ကျောင်းတချို့တွင် စစ်ကောင်စီတပ် တပ်စွဲ

မြောက်ဥက္ကလာရှိ  ကျောင်းတချို့တွင် စစ်ကောင်စီတပ် တပ်စွဲ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောင်းအချို့တွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။

အခြေခံပညာ အထက်တန်းကျောင်းများ ဖြစ်သည့် အထက (၁) နှင့် အထက (၃)၊  အလယ်တန်းကျောင်းများဖြစ်သည့် အလက (၂)နှင့်  အလက (၇)  ၊ မူလတန်းကျောင်းများ ဖြစ်သည့် အမက (၂) ၊  အမက (၄)  နှင့် အမက (၁၈)တို့တွင် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းဖြစ်သည်။

“  ကျောင်းတွေမှာ တပ်စွဲထားတာကို ကျွန်တော်တို့လည်း  မနေ့ကမှ သတင်းရတယ်။   အထက (၁) မှာ မနေ့ကမှ တပ်စွဲတယ် ” ဟုမြေပြင်ကင်းထောက် တဦးကဆိုသည်။

အထက (၁) ကျောင်းဝန်းသို့ စာပစ်သည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီက တပ်စွဲရန် ပြင်ဆင်နေသည်ဟုလည်း ဒေသခံ တဦးကဆိုသည်။ 

အထက(၁)ကျောင်း၌ စစ်ကောင်စီတပ်အင်အား ၆၀ နီးပါးက လာရောက်တပ်စွဲထားပြီး ကျောင်းကိုပါ ပိတ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။ 

 ‘’မြောက်ဥက္ကလာခြောက်ကွေ့နားမှာရှိတဲ့ အလက (၂)မှာတော့ သူတို့ (စစ်ကောင်စီတပ်သားတွေ) ရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ ကန်သာယာလမ်း ဆုံနားက အထက(၃)ကျောင်းမှာတော့ မနေ့ကစပြီးရောက်လာကြတယ်။ နောက်ပြီးအဖမ်းအဆီးကတော့ ညဘက် ၈ နာရီကျော်တာနဲ့ လူငယ်တွေ ဖမ်းခံရတာ များလာတယ်’’ဟုလည်း မြောက်ဥက္ကလာမြို့နယ်တွင် နေသူ တဦးက ပြောသည်။ 

“ကျောင်းသားမိဘတွေနဲ့ ဒေသခံတွေအနေနဲ့ကတော့ ဒီလိုမျိုးပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ လူနေအိမ်တွေနဲ့နီးတဲ့ ကျောင်းတွေမှာ ခပ်စိတ်စိတ်နေရာယူလာတာက စိုးရိမ်အထိတ်တလန့်ဖြစ်စေမှုတွေများလာမယ်လို့ ယူဆမိပါတယ်။ စာသင်ကျောင်းတွေဟာ တပ်စွဲရမယ့်နေရာမဟုတ်ပါဘူး။ ဒါကို အကာအကွယ်လာယူနေကတည်းကိုက သူတို့ရဲ့ ဟိုးအဆုံးထိယုတ်မာမှုကို မြင်ရမှာပါ။ ပြီးတော့ ကျောင်းသားမိဘတွေအနေနဲ့လည်း တပ်စွဲထားတဲ့ ကျောင်းတွေကို ကလေးတွေကို မလွှတ်သင့်တော့ပါဘူး" ဟုလည်း  ရန်ကုန်မြို့ကင်းထောက်ကွန်ယက် (Rangoon scout  network (RSN)အဖွဲ့)  ၏ တာဝန်ရှိသူက ဆိုသည်။ 

စစ်ကောင်စီတပ်သည်  သုဓမ္မာလမ်းမပေါ်  အိန္ဒြာ ရပ်ကွက်နဲ့ ဥဇ္ဇနာ ကြားရှိ  အမက (၁၈ ) တွင် နိုဝင်ဘာလ ၁၉ ရက်က တပ်စွဲထားခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်တွင် အလက (၇) ၌ စတင်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။ 

"တချို့နေရာတွေမှာ ကင်းစောင့်နေရင်း ကျည်ထွက်တဲ့ကိစ္စမျိုးတွေရှိတာကြောင့် သူတို့တွေနဲ့နီးလေ ကိုယ့်ကလေးတွေအတွက် ပိုအန္တရာယ်များလေပါပဲ။ ဖြစ်လာရင် ကိုယ့်ကလေးပဲထိခိုက်မှာပါ။ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေဖို့ကိုပဲ ကျောင်းသားမိဘတွေအပါအဝင် ပြည်သူအားလုံးကို သတိပေးချင်ပါတယ်”ဟုလည်း  ရန်ကုန်မြို့ကင်းထောက်ကွန်ရက် (Rangoon scout  network (RSN)အဖွဲ့)  ၏ တာဝန်ရှိသူက ဆိုသည်။ 

မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် ပေါက်ကွဲမှု သုံးရက်ဆက် ဖြစ်ပွား၍ ထိုသို့ကျောင်းများတွင် စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။ 
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်နေ့တွင် မြို့နယ်ဥပဒေရုံး ၊နိုဝင်ဘာ ၁၁ရက်နေ့တွင် မြို့နယ်စည်ပင်ရုံးနှင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဝေဘာဂီလမ်းမကြီးပေါ်ရှိ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

မြောက်ဒဂုံမြို့နယ် အထက(၃)တွင်လည်း စစ်ကောင်စီလက်အောက်ခံများက ယခု နိုဝင်ဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ ကျောင်းမတက်ရန် စာကပ်သွားကြောင်း ကျောင်းသားမိဘ တဦးကပြောသည်။ 
ထိုသို့စာကပ်ထား၍  ကျောင်းသား၊ကျောင်းသူအများစုမှာ ကျောင်းမလာသော်လည်း ကျောင်းတက်သူ အနည်းငယ်ရှိသေးကြောင်း ၎င်းက ဆိုသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly