အင်းမအခြေစိုက် တပ်မ (၆၆) အတွင်း လေယာဉ်ပြေးလမ်းသစ်တခုတည်ဆောက်

By ရွှေနွယ်( မဇ္ဈိမ )
21 November 2023
အင်းမအခြေစိုက် တပ်မ (၆၆) အတွင်း လေယာဉ်ပြေးလမ်းသစ်တခုတည်ဆောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ၊ အင်းမမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၆၆) နယ်မြေအတွင်းတွင် လေယာဉ်ပြေးလမ်းတခု တည်ဆောက်နေသည်ကို တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတခုဖြစ်သည့် Myanmar Witness က ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ လေယာဉ်ပြေးလမ်းနှင့် ပူးတွဲအဆောက်အအုံများကို ၂၀၁၉ ခုနှစ်မတ်လအတွင်း စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းကို ဂြိုလ်တုဓာတ်ပုံများအရသိရပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မြင်ကွင်းအရ အများစုပြီးစီးနေပြီဖြစ်သည်ကိုတွေ့ရှိရကြောင်း Myanmar Witness ကဖော်ပြထားသည်။

"အင်းမမှာက (၆၆) လက်အောက်ခံ ခမရ (၅) ရှိတယ် ခလရ (၄) ရှိတယ်။ နောက်တခု ခလရ (၈၀) ရှိတယ်။ အခုဟာက ခမရ (၅) နောက်ကြောမှာဆောက်တာပေါ့။ တံခွန်တိုင်ရွာနဲ့ ရွာထောင်ကုန်းရွာကြားမှာဆောက်တာပေါ့" ဟု ပြည်ခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့တခု၏ တာဝန်ရှိသူကမဇ္ဈိမကိုပြောသည်။

အဆိုပါ လေယာဉ်ပြေးလမ်းအား လွန်ခဲ့သည့် လေးနှစ်ခန့်မှစတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း အပြီးသတ်ဆောက်လုပ်ခဲ့ခြင်းမဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက အပြီးသတ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ စစ်ဆင်ရေးပေါ့နော်။ ပဲခူးတိုင်းအနောက်ခြမ်းစစ်ဆင်ရေးအတွက်ကို ပြင်ဆင်တာလို့ ကျွန်တော်တို့ တွက်ဆပါတယ်။ စစ်ကောင်စီမှက တိုက်ခိုက်ရေးအင်အား စစ်သည်အင်အားကမရှိတော့ဘူးပေါ့နော်။ အဲ့ကျ လေတပ်ကိုပဲအားကိုးရမှာပေါ့။ ဆိုတော့ လေတပ်ကိုပဲဇောင်းပေးဖို့အတွက် ဒီလိုမျိုးကွင်းတွေ ဒီလိုမျိုး လေကြောင်းပြင်ဆင်မှုတွေလုပ်တာလို့ ယူဆပါတယ်” ဟု ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကလည်း ပြောသည်။

တပ်မ (၆၆) နှင့် လက်အောက်ခံတပ်ရင်းများရှိ စစ်သည်အင်အားအများစုသည် စစ်အာဏာသိမ်းပြီးစကာလ ၂၀၂၁ ခုနှစ်အတွင်းကပင် ကရင်နီပြည်သို့ ပို့ဆောင်ထားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံကသိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ခြေမြန်တပ်ရင်းနှင့် ခြေလျင်တပ်ရင်းများအတွင်း စစ်ကောင်စီတပ်အင်အားမှာ ရှိသင့်သည်ထက် လျော့ပါး၍သာ ရှိနေသည်ဟုလည်း တော်လှန်ရေးအင်အားစုများကဆိုသည်။

"တော်တော်ကိုလျော့နေတာပါ။ တပ်လုံခြုံရေးအတွက်တောင် ပျူတွေကိုခေါ်သုံးနေရပါတယ်" ဟု သာယာဝတီခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါလေယာဉ်ပြေးလမ်းသည် ပဲခူးတိုင်းအတွင်းတွင် စစ်တပ်နယ်မြေတွင်းတွေ့ရသည့် ဒုတိယမြောက်လေယာဉ်ပြေးလမ်းလည်းဖြစ်သကဲ့သို့ ပဲခူးတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့ကဲ့သို့ စစ်ကောင်စီနှင့် ပဋိပက္ခများဖြစ်ပွားရာ အဓိကနေရာများနှင့်နီးကပ်ကာ အချက်အချာကျရာနေရာတခုဖြစ်သည်ဟုလည်း  Myanmar Witness ၏ ထုတ်ပြန်ချက်အတွင်းဖော်ပြထားသည်။

ပြည်မြို့လေယာဉ်ကွင်းဟောင်းတွင်လည်း လေယာဉ်ပြေးလမ်းတည်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly