KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ

By အဂမ် (မဇ္ဈိမ)
11 November 2023
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ

ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်းအတွင်း  ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားသည်။

ကချင်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားဥယာဥ် မနော (မနောင်)ကွင်းအတွင်း ခွင့်ပြုထားခြင်းမရှိဘဲ စစ်ကောင်စီထောက်ခံသူများက ကေအိုင်အို / ကေအိုင်အေ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံသူ လူတစ်စုသည် နိုဝင်ဘာလ ၉ ရက်နေ့မွန်းလွဲက မနောင်ကွင်းအတွင်း၌ “KIA၊ KIO အလိုမရှိ” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း၊ ထိုဆန္ဒပြသူများကို မနောကွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာ ယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများက လိုက်လံမေးမြန်းစဥ် ကွင်းအတွင်းမှ ဝရုန်းသုန်းကား  ထွက်ပြေးသွားကြကြောင်း ကော်မတီဝင်တဦးက အခုလို ပြောပြသည်။

" လူအများကြီး ရောက်လာလို့ မနောကွင်း လုံခြုံရေးအဖွဲ့က ဘာပွဲလုပ်ဖို့ ခွင့်ပြုထားတာရှိလဲဆိုပြီး ဖုန်းဆက်လာလို့၊ အသင်းရုံးဘက်ကလည်း ဘာမှခွင့်ပြုထားတာမရှိတာကြောင့် လိုက်မေးတုန်း ပြေးကုန်တာပဲ" ဟု ကော်မတီဝင် သတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဥ်ကျေးမှုရုံးမှ တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ အခုလို လုပ်ဆောင်မှုမျိုးကို ကချင်တမျိုးသားလုံးက ကန့်ကွက်ပါကြောင်း ဖော်ပြထားသည်။

နောက်နောင်တွင် ယင်းဖြစ်ရပ်နှင့် အလားတူဖြစ်စဉ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေများအရ မည်သည့်အဖွဲ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဆန္ဒပြပွဲများတွင် မည်သူမည်ဝါပါဝင်သည်ကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများက ဓာတ်ပုံများကို ဝေဝေဆာဆာဖော်ပြကာ ဒေသခံများ KIA ကို ဆန္ဒပြဆန့်ကျင်ကြောင်း ရေးသားခဲ့ကြသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်ရှိ အေးမြသာယာရပ်ကွက် အောင်ဇေရန်အောင်ဘုရားအနီးတွင် တကြိမ်၊ မြစ်ကြီးနား လေတပ်စခန်းရှေ့တည့်တည့် မြစ်ကြီးနားမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တကြိမ်၊ မနောကွင်းအတွင်းတွင် တကြိမ်၊ အစိုးရဝန်ကြီးများ အိမ်ယာဘေး ဧရာဝတီမြစ်ကမ်းဘေများတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က KIA ဆန့်ကျင်ရေး ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIA
#မြစ်ကြီးနားမြို့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly