နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ခုခံတော်လှန်စစ်မှသည် မြို့သိမ်း ပြည်သိမ်းတိုက်ပွဲများအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်ကြမည်ဟု အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတဒူးဝါးလရှီလ ကပြောသည်။ 

  • ပြည်သူ့ခုခံစစ်၊ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်အဟုန် လှိုင်းလုံးကို စစ်ကောင်စီက ဘယ်လိုမှ ခုခံနိုင်ခြေမရှိနိုင်တာကိုလည်း အများစုက စတင်လက်ခံ လာပြီဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တပ်ဖွဲ့များမှ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေးအလံတော်လွင့်တင်သည့် ရုပ်သံဖိုင်ကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပြည့်အ၀ ထိန်းချုပ်ထားပြီဖြစ်သည့် ကောလင်းမြို့တွင် မြို့ထဲအတွင်း ပိတ်မိခဲ့သည့် ပြည်သူများအားလုံးကို ကယ်ထုတ်ထားပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများကို မြို့တွင်းသို့ ပြန်လည် နေထိုင်ခွင့်မပြုသေးကြောင်း Kawlin Revolution -KR Team က သတင်းထုတ်ပြန်သည်။ 

  • တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းစစ်ဆင်ရေးများ၏ အကျိုးကျေးဇူးကို မျက်ဝါး ထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေးတွင် အမြင့်မားဆုံးသော စစ်ရေးမှတ် ကျောက်ကို ရေးထွင်းနိုင်သည့်အချိန်ကို ရောက်လာပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်း အောင်ပွဲဖော်ဆောင်နိုင်ခဲ့သည့် စစ်ဆင်ရေးဦးဆောင်သူများနှင့် ပါဝင်ခဲ့သူများကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံတော် သမ္မတရုံးက ကောလင်းမြို့သိမ်း အောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကားကို ယမန်နေ့က ထုတ်ပြန် သည်။ 

  • ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေး အဖွဲ့များ က ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ သပြေစမ်းရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှု များရှိကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက မဇ္စျိမကို အတည်ပြုပြောကြားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချစ်တွင်းမြစ်အတွင်း သွားလာနေသည့် စစ်​ကောင်စီတပ် ထောက်ပို့ သင်္ဘော(ဖလက် မော်တော်) နှစ်စင်းကို နိုဝင်ဘာ ၆ရက်၊ ည ၁၀နာရီဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ ကြောင်း ကျောက်လုံးကြီး(KLG) တပ်မဟာတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့ လူထုသပိတ်ရက် ၁,၀၀၀ ပြည့် လူထုချီတက်ပွဲတွင် ၁၀၂၇ စစ်ဆင်ရေး ကို ထောက်ခံကြိုဆိုကြောင်း လူထုအင်အား အမြောက်အမြားဖြင့် နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ကလေးမြို့ တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ကလေးလူထု သပိတ်ဦးဆောင်ကော်မတီ ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ မြောက်ခြမ်းရှိ လက်တောင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ယာဉ်တန်း၏ အင်အား ၃၀ ခန့်ပါ ရှေ့ပြေး ခြေလျင်ကင်းထောက်စစ်ကြောင်း မိုင်းဆွဲတိုက် ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်စခန်းအား တိုက်ခိုက်မီုအတွင်း ပျူစောထီး နှစ်ဦးအား သေနတ်ဖြင့် အရှင်ဖမ်းမိပြီး ၆ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ 

  • တောင်ငူအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အောက်တိုဘာ ကုန်ပိုင်း၌ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ 

  • မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ရာ ကိုင်းရွာက အရပ်သားတဦး လက်နက်ကြီး ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ်၊မတူပီမြို့၊ မတူပီ - ဟားခါးလမ်းပေါ်သို့ စစ်ကြောင်းထိုးရန်လာသည့် မတူပီ အခြေ စိုက် ခလရ (၁၄၀) မှ အင်အား ၆၀ ဦးပါ အကြမ်းဖက်စစ်ကြောင်းနှင့် ချင်းလဲန် ကာကွယ်ရေး တပ်ဖွဲ့ -မတူပီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချင်းလဲန်ကာကွယ်ရေး သတင်းနှင့် ပြန်ကြားရေး ဌာန က ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ၊ မတူပီမြို့နယ်အခြေစိုက်တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည် သေနတ်တလက် ကျည်ဆန်အချို့ဖြင့် ခိုလှုံလာကြောင်း ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က နိုဝင်ဘာ ၆ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့စစ်များကို တအာင်း TNLA က အပြီး သတ်ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ မုံးကိုးရှိ စစ်ကောင်စီ ဗျူဟာစခန်းကုန်းကို ကိုးကန့် တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ယနေ့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 

စစ်ကောင်စီ 

  • တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်က တရုတ်ဒေသခံများ၏ လုံခြုံရေးကို အာမခံပေးရန် တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Nong Rong က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ 

  • ရုရှား - မြန်မာ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းမှာ တပ်မတော်(ရေ)နှင့် တပ်မတော် (လေ) က လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်တွေဟာ ရုရှားရေတပ် စစ်ရေယာဉ်များ၊ ရဟတ် ယာဉ်များနှင့် ပူးပေါင်းပြီး ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

  • မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေတဲ့ လုပ်ငန်း ၈ ခု မတည်ရင်းနှီးငွေတွေ ထပ်မံတိုး မြှင့်ခဲ့ နေကြောင်း နိုဝင်ဘာ ၆ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။ 

  • စုစုပေါင်း စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁သိန်းခွဲရှိသည့် နားလည်မှုစာချွန်လွှာ ၃စောင်ကို မြန်မာနှင့် အိန္ဒိယတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

  • ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ဝင်ခွင့်ရသည့် ကျောင်းသားများ အချိန်မီ ကျောင်းအပ်ကြရန် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

  • တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး၊ ပြည်သူအကျိုးကိုကြည့်ပြီး အကြမ်း ဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 

နိုဝင်ဘာ ၇ ရက် သုံးသပ်ချက် 

  • ပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် တစ်လှိုင်းပြီးတစ်လှိုင်းလာမည်ဟု ဆိုထားသည့်အတိုင်း တစ်မြို့ပြီးတစ်မြို့ စခန်းတစ်ခုပြီး တစ်ခု သိမ်းပိုက်လာသည်ကို တွေ့မြင်ရသည်။ 

  • အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးကို ထင်တိုင်းကျဲကာ အကြမ်းဖက်မှုပေါင်းစုံလုပ်ပြီးမှ တော်လှန် ရေးအဖွဲ့များက တစ်မြို့ပြီးတစ်မြို့  သိမ်းပိုက်လာသည့်အခါ ဒေသအကျိုး၊ နယ်မြေ အကျိုး၊ပြည်သူအကျိုး ကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်ကြပါဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာသည်ကို ကြည့်လျှင် စစ်ရှုံးလာသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required