ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက် ထိန်းချုပ်နိုင်သည့်မြို့ဖြစ်

By ပါခွီး (မဇ္စျိမ)
07 November 2023
ခမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက် ထိန်းချုပ်နိုင်သည့်မြို့ဖြစ်

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကို အတည်ပြုပြောကြားသည်။

“ ကျနော်တို့ ခမ်းပါတ်မြို့ကို သိမ်းနိုင်လိုက်ပါပြီ။ တာဝန်ရှိသူတွေက လေကြောင်းရန် အတွက်စီစဥ်နေရတဲ့အတွက် အသေးစိတ်အခြေအနေကို မထုတ်ပြန်နိုင်သေးပါဘူး” ဟု ၎င်းကဆိုသည်။

ခမ်းပါတ်မြို့ရှိ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့(နိုဝင်ဘာလ ၇ရက်) မနက် ၁၁နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ဖြစ်သော Tamu District Battalion – 1 မှလည်း အသိပေးထားသည်။

ခမ်းပါတ်မြို့ကို နိုဝင်ဘာလ ၃ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များမှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  ရဲစခန်းနှင့် ပျူစောထီးများ တပ်စွဲထားသည့် ဆေးရုံကို သိမ်းပိုက်ထားခဲ့ပြီး အခိုင်အမာခုခံကာကွယ်နေသည့် စစ်တပ်ကုန်းကို ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

မြို့သိမ်းတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တမူးခရိုင်တပ်ရင်း(၂) ၊ အထူးလှုပ်ရှားတပ်(၂) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် မဟာမိတ်တပ်ဖွဲ့များက  ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့ကို ယမန်နေ့ နိုဝင်ဘာလ ၆ရက်က အပြီးသတ်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့‌ပြီးနောက်  ခမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်သည့် ဒုတိယမြို့ဖြစ်လာသည်။  ခမ်းပါတ်မြို့သိမ်းခဲ့မှုအသေးစိတ်အခြေအနေများသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း - အေးချမ်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly