ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ထုတ်ပြန်

By ရွှေနွယ်(မဇ္ဈိမ)
12 November 2023
ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မှ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန် သည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ် ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ခဲ့ပြီး မြို့ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ယာဉ်ထိန်းရဲနှင့် မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင်  ဟွမ်ချောက်‌ပေါက်ပေါက် တောင်ကုန်းစခန်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူဟာ ကုန်းနှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  ခြောက်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်မူ မြို့ကိုအလုံးစုံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်က ဆိုသည်။

လက်ရှိတွင် ကွမ်းလုံမြို့နှင့်အတူ ကွမ်းလုံ- နန်ဟူ - ချင်းရွှေဟော်-တုန်ရှမ်းဒေ သတာတုံအထိ တကြော လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသရှိ စစ်ကောင်စီလက်အောက်ခံများအားလုံးကိုလည်း ရှင်းလင်း နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကွမ်းလုံမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သံချပ်ကာယာဉ်တစီးနှင့်အတူ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၁၉၇၀ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရက် ၄၀ ကြာကွမ်းလုံတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းများကို MNDAA မှ မသိမ်းယူနိုင်ခဲ့သော်လည်း ယနေ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့ချိန်မှ ၁၇ ရက်အတွင်း ကွမ်းလုံ မြို့အား စစ်ကောင်စီထံမှ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့တို့ကို MNDAA နှင့်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ပြီးဖြစ်သည်။

ကွမ်းလုံမြို့သည် သမိုင်းတွင် အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေဖြစ်ခဲ့ပြီး လက်ရှိတွင် ထိုမြို့နှင့်အတူ အထူးဒေသ (၁) ရှိမြို့နယ်များကိုထိန်းချုပ်သိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် အထူးဒေသ(၁) ၏ သမိုင်းဝင် အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ပြီဖြစ်ကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွမ်းလုံမြို့သည် MNDAA လက်အောက်သို့ ကျရောက်ပြီးဖြစ်သော်လည်း စစ်ကောင်စီက ယနေ့ညပိုင်းတွင် ကွမ်းလုံ၊ ကွက်ခိုင်၊ သန္နီ၊ မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တို့အား စစ်အုပ်ချုပ်ရေးအာဏာ စတင်ကျင့်သုံး ကြောင်း ထုတ်ပြန်ကြေညာထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required