ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း လုံခြုံရေး စိတ်မချရ၊ အရေးကြီးကိစ္စမရှိလျှင် မလာကြရန် ဒေသခံများက သတိပေး

By 007(မဇ္စျိမ)
12 November 2023
ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း လုံခြုံရေး စိတ်မချရ၊ အရေးကြီးကိစ္စမရှိလျှင် မလာကြရန် ဒေသခံများက သတိပေး

ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း၌ လုံခြုံရေးစိတ်မချရသေးသဖြင့် အရေးကြီးကိစ္စမရှိလျှင် မလာကြ ရန် နောင်ချိုဒေသခံများက သတိပေးကြသည်။

“မနေ့ကတရက်လေးပဲ ခဏငြိမ်တယ်။ ဒီနေ့မနက်ကတည်းက ပစ်ခတ်သံတွေ ပြန်ကြားရတယ်။ ဘယ် လောက်လုံခြုံစိတ်ချရပါတယ်လို့ပြောပြော မယုံကြပါနဲ့။ နောင်ချိုမှာ လုံခြုံရေးစိတ်မချရသေးဘူး၊ လမ်း ကတော့ ပွင့်သွားပြီ၊ သွားလို့လာလို့ မကောင်းသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအတွင်း ပြင်းထန်သည့်တိုက်ပွဲများ ယာယီရပ်တန့်နေသော်လည်း ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်နေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောကြားသည်။

စစ်ကောင်စီကမူ မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

“အခုရာသီက နောင်ချိုမှာ တိမ်ပင်လယ်ရာသီဆိုတော့ ခရီးသွားတွေကလည်း တအားလာချင်နေကြ တယ်။ ရှင်းရှင်းပဲပြောမယ် မလာကြပါနဲ့ဦး၊ နောင်ချိုဟာ အချိန်မရွေးထပေါက်နိုင်တဲ့ ချိန်ကိုက်ဗုံးတလုံး ပေါ် ခွထိုင်ထားရတဲ့ အနေအထားပါ။ မြို့ကလူတွေတောင် မဖြစ်မနေမှ အပြင်ထွက်ပါတယ်” ဟု သတင်း ရင်းမြစ်တဦးကလည်းပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီစခန်းကို  တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူး‌ပေါင်းအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် နေ့တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။

ထို့နေ့မှစပြီး ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း(ဘန့်ဘွေး-အုမ္မတီး-ရွှေညောင်ပင်-အုမ္မခါး-ကျောက်ကြမ်း)တွင်၊ နှစ်ဘက်တပ်ဖွဲ့များကြား ပြင်းထန်တိုက်ပွဲ သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ပစ်ခတ်သံ များ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“သီပေါ-ကျောက်မဲလမ်းပိုင်းလည်း ပိတ်လိုက်ပြီ၊ ဂုတ်တွင်းဝန်းကျင်မှာလည်း တော်လှန်ရေးတပ်တွေစိုးမိုး ထားတယ်။ ကျောက်မဲနဲ့သီပေါလည်း သွားမရတော့ဘူး” ဟု ကျောက်မဲမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့သည့် မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် အထိနာနေသလို အဆိုပါစစ်ဆင်ရေးကြောင့်လည်း နိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးရေချိန် ပြန်လည်မြင့်တက်နေသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly