သီပေါမြို့နယ်ရှိ ကျင်သီတံတားကို TNLA ထိန်းချုပ်

By 009 လားရှိုး(မဇ္ဈိမ)
12 November 2023
သီပေါမြို့နယ်ရှိ ကျင်သီတံတားကို TNLA ထိန်းချုပ်
ပုံအညွှန်း - ကျင်သီတံတားအား ဖောက်ခွဲထားသည်ကိုတွေ့ရစဉ်

ရှမ်းပြည်နယ်‌မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျင်သီတံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တံတားကို ထိန်းချုပ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။

ကျင်သီတံတားသည် ကျောက်မဲမြို့နှင့် သီပေါမြို့ကြားတွင်ရှိပြီး တံတားစောင့်တပ်စခန်းမှာ စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့် အထိုင်ချတပ်စွဲထားသည့် တပ်စခန်းဖြစ်သည်။

“ကျင်သီတံတားကတပ်စခန်းကို ပလောင်အဖွဲ့ထိန်းလိုက်တာဟုတ်တယ်။ တံတားကိုလည်း ဖောက်ခွဲ လိုက်တယ်။ တိုက်ပွဲကတော့ လောလောဆယ်ငြိမ်နေတယ်” ဟု ကျင်သီရွာနှင့်နီးစပ်သည့် သီပေါမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိတွင် ကျင်သီတံတားဖျက်ဆီးခံရပြီးနောက် အသွားအလာပြုလုပ်၍ မရတော့ကြောင်း ၎င်းက ဆက် ပြောသည်။

ပုံအညွှန်း - ကျင်သီတံတားအား ဖောက်ခွဲထားသည်ကိုတွေ့ရစဉ်

စစ်ကောင်စီတပ်မှ လူအင်အားနှင့်လက်နက်ခဲယမ်းများ စစ်ကူပို့မှုကိုတားဆီးနိုင်ရန် ကျင်သီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း TNLA စစ်ရေး သတင်းရင်းမြစ်တဦးက ဆိုသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် သီပေါမြို့တွင် မြို့မဈေးနှင့် ဈေးဆိုင်များ ပိတ်ထားကြပြီး လူအသွားအလာနည်းပါးသွားကြောင်း မြို့ခံများက ပြောသည်။

“လမ်းမပေါ်မှာ ခြောက်ကပ်နေတာပဲ၊ ဘယ်ဆိုင်မှမဖွင့်တော့ဘူး။ မြို့ထဲမှာ တိုက်ပွဲဖြစ်လာမှာကြောက်လို့ ပိတ်ပြီး အိမ်ထဲမှာ နေ နေကြတယ်” လို့ သီပေါမြို့မှအမျိုးသမီးတဦးက မဇ္ဈိမသို့ပြောကြားသည်။

ထို့ပြင် လားရှိုးနှင့် သီပေါကြားရှိ သီပေါတံတားကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး တံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စခန်းအတွင်း အသင့်နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။

ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သော ကျင်သီတံတားတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကျောက်မဲအခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ကူပေးရာတွင် ကျင်သီကျေးရွာအတွင်း လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကာ ဒေသခံများထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရပြီး အသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင်  TNLA နှင့် MDY-PDF တို့ ထိန်းချုပ်ထားသည့် နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားအနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ ၁၇ ရက်မြောက်နေ့အထိ ညီ‌နောင်မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်းကြူကုတ်၊ သိန္နီနှင့် နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းပေါင်း ၁၅၀ ကိုလည်း သိမ်းပိုက်ထား သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required