မြန်မာတွင် ပဋိပက္ခများ ကျယ်ပြန့်လာမှုအပေါ် ‘အလွန်အမင်း စိုးရိမ်ပူပန်’ ဟု ကုလအကြီးအကဲ ပြော

မြန်မာတွင် ပဋိပက္ခများ ကျယ်ပြန့်လာမှုအပေါ် ‘အလွန်အမင်း စိုးရိမ်ပူပန်’ ဟု ကုလအကြီးအကဲ ပြော
ဓာတ်ပုံ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Photo:AFP)

ပြီးခဲ့သည့်လက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ‘အလွန်တရာ စိုးရိမ်ပူပန်” မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

နိုင်ငံ၏ ကျယ်ပြောလှသည့် နယ်မြေများတွင် ပဋိပက္ခများ တိုးမြင့်ကျယ်ပြန့်လာမှုအပေါ် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အလွန်ပင် စိုးရိမ်ပူပန်နေကြောင်းနှင့် တိုက်ပွဲများကြောင့် လူ ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထားရသည်ဟု ကုလက ပြောဆိုထားကြောင်း ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က တရုတ်နှင့်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်ကို တိုက်ခိုက်မှုများ စတင်ဖော်ဆောင်ပြီးနောက် အောက်တိုဘာ ၂၇ ရက်မှစပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ယခုသီတင်းပတ်တွင် AA သည် ရခိုင်ပြည်နယ်တွင် စစ်တပ်အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို ထိုင်းနယ်စပ် မြန်မာနိုင်ငံ ကယားပြည်နယ်တွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တပ်ဖွဲ့များက ပြည်နယ်မြို့တော် လွိုင်ကော်အနီးတွင် စစ်တပ်ကို တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲများကြောင့် ကလေးများ အပါအဝင် အရပ်သား ၇၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၉၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြေပြင် ကနဦး သတင်းပေးပို့ချက်များကို ကိုးကားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required