စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် KNU တပ်မဟာ(၅)ထံ အလင်းဝင် 

By YT  ( မဇ္ဈိမ)
20 November 2023
စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် KNU တပ်မဟာ(၅)ထံ အလင်းဝင် 
ပုံအညွှန်း- အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားလေးဦး (ဓါတ်ပုံ- KNU- မူတြော်သတင်းစဉ်)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင် လက်နက်၊ ခဲယမ်း အပြည့်အစုံယူဆောင်လာသည့် စစ်ကောင်စီတပ်သားလေးဦး အလင်းဝင်လာကြောင်း KNU-မူတြော် သတင်းစဉ်က နိုဝင်ဘာလ ၁၉ ရက် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အလင်းဝင်လာသည့် အဆိုပါ စစ်ကောင်စီတပ်သားလေးဦးကို KNU တပ်မဟာ(၅)က တဦးလျှင် ကျပ် ၁၅ သိန်းစီချီးမြှင့်ခဲ့ပြီး ၎င်းတို့သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ 

နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း KNU တပ်မဟာ(၅)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံး၍ ဗိုလ်ကြီးတဦးအပါအဝင်ငါးဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၅) KNLA ဘက်မှလည်း ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် KNU တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ တန်ဟူးလော်ရွာမှ နေအိမ်တလုံး ပျက်စီး ၍ နွားတကောင်သေဆုံးကာ တောင်ယာများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required