ရွှေဘိုမြို့နယ် ကျေးရွာ ၂ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

By လွှမ်းမိုး (မဇ္ဈိမ)
27 November 2023
ရွှေဘိုမြို့နယ် ကျေးရွာ ၂ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းနှစ်ခုကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု BNRA တပ်ဖွဲ့ထံက သိရသည်။

“ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ သီးလုံး၊ တည်သီးတော စခန်းလေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျန်ကျေးရွာ နှစ်ခုကို အယောင်ပြ တိုက်စစ် အနေနဲ့ ဆင်ခဲ့ပြီး စစ်ကူတွေကို ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ အစစ်အမှန် တိုက်စစ်ဖွင့်ပြီး တိုက်ခိုက်တဲ့ ဇီးဖြူကုန်းနဲ့ တည်သီးတော ကျေးရွာများကို သိမ်းပိုက်ဖျက်ဆီး နိုင်ခဲ့တယ်” ဟု BNRAတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး ကိုဆာန်က မဇ္ဈိမကို ပြောသည်။

ဇီးဖြူတော စခန်းနှင့် တည်သီးတော စခန်းတို့ကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စခန်းနှစ်ခုတွင် ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်သားများ တပ်စွဲနေပြီးနှစ်နာရီကြာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

တိုက်ပွဲ ဖြစ်ပွါးနေစဉ်အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) မှ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်  နှစ်နာရီခွဲကြာ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း BNRA တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူ‌ စောထီးပူးပေါင်းအဖွဲ့ဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး တဦးအရှင် ဖမ်းမိကာ စခန်းကိုစွန့်ခွါထွက်ပြေးသူများလည်း ရှိသည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို BNRA ရတနာ သိင်္ဃစစ်ကြောင်း ၊ BNRA ဝိမောက္ခ စစ်ကြောင်း ၊ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ ၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့ ၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့ နှင့် ဗိုလ်ကျားရိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စခန်းတွေ သိမ်းနိုင်ခဲ့တဲ့ အကျိုးအမြတ်ကတော့ နှစ်နှစ်နီးပါး စစ်ရှောင်နေရတဲ့ ပြည်သူတွေ နေရပ်ကို ပြည်လည်နေထိုင်နိုင်လာတာ ဖြစ်ပါတယ် ဒီအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူထုကပေးတဲ့ ယုံကြည်မှု လူထုချစ်ခင်မှုတွေကို ရရှိခဲ့တယ်” ဟု BNRA တပ်ဖွဲ့ မှ ကိုဆာန်က ဆိုသည်။

အဆိုပါ တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရွှေဘိုမြို့နယ်ရှိ ပြည်သူများက တိုက်ပွဲပြန်ရဲဘော်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်း BNRA တပ်ဖွဲ့ဝင်ထံက သိရသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ရုပ်သံအညွှန်း-BNRA ရဲဘော်များ တွေ့ရစဉ် (ရုပ်သံ-BNRA)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly