BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး 

By YT  ( မဇ္ဈိမ)
24 May 2023
BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံး 

 ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ဒွယ်လိုးမြို့နယ်၊ ကတဲတိကျေးရွာနှင့် ထီးကဆောမဲကျေးရွာအကြားရှိကရင်နယ်ခြားစောင့်တပ်(BGF)ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင်ကတဲတိကျေးရွာနှင့်ထီးကဆောမဲကျေးရွာအကြားရှိ BGF ဂိတ်စခန်အား တပ်မဟာ(၅) KNLA ၊ တပ်ရင်း(၁၀၂)နှင့် တပ်ခွဲများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGFဘက်မှ တပ်ခွဲမှူး စောဘာယိုအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး BGF ပိုင်ဆိုင်သော ကားတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါစခန်းမှ BGF တပ်သားများသည် ဖြတ်သန်းသွားလာနေသောဒေသခံများထံမှ ဆက်ကြေး ကောက် ခံလျက်ရှိသောဂိတ်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNUတပ်မဟာ(၅)နယ်မြေအတွင်း BGF တပ်ရင်း (၁၀၁၃)နှင့် တပ်ရင်း(၁၀၁၄)တို့ အဓိကလှုပ်ရှားလျက် ရှိပြီး တပ်ရင်း(၁၀၁၁)သည်တပ်မဟာ(၅)နှင့် တပ်မဟာ(၁)အစပ်တွင် လှုပ်ရှားနေကြောင်း၊ အဆိုပါ BGFတပ်များသည် စစ်ကောင်စီတပ်များနှင့်ပူးတွဲ၍ စစ်ကြောင်းဖွဲ့လှုပ်ရှားကြကြောင်း KNU တပ်မဟာ(၅)မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။

တပ်မဟာ(၅)မှာအခြေချလှုပ်ရှားတဲ့ BGFတပ်ရင်းက (၁၀၁၃)နဲ့ (၁၀၁၄) တပ်ရင်း နှစ်ရင်းဖြစ်တယ်။တပ်ရင်း(၁၀၁၁)ကျတော့ တပ်မဟာ (၅)မှာတဝက်နဲ့တပ်မဟာ(၁)မှာတဝက် တာဝန်ယူလှုပ်ရှားတယ်။ 

သူတို့ရဲ့လှုပ်ရှားမှုကစစ်ကောင်စီတပ်နဲ့တွဲပြီး စစ်ကြောင်းဖွဲ့အတူလှုပ်ရှားတယ်။ စစ်ကောင်စီတပ် လက် နက်ခဲယမ်းနဲ့ရိက္ခာကိုဝိုင်းဝန်းသယ်ကူပေးတယ်” ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကမဇ္ဈိမကိုပြောသည်။

KNUတပ်မဟာ (၅) နယ်မြေအတွင်း အထိုင်ချလှုပ်ရှားနေသောစစ်ကောင်စီတပ်သားများနှင့် ၎င်းတို့​၏ လက်အောက်ခံ BGF များသည် လက်နက်ကြီးများဖြင့် ကျေးရွာများ၊ဥယျာဉ်ခြံများအတွင်း ပစ်ခတ်ခြင်း များပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း BGF(၁၀၁၃)တပ်ရင်းမှူး မောင်လှကြိုင်​၏ အမိန့်ပေးစေခိုင်းချက် အရ  ဖိုဃဲထာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဖိုဃဲထာကျေးရွာမှ အသက်(၂၁) နှစ် အရွယ်ရှိ စောကျော်ခူ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

မေလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း KNUတပ်မဟာ(၅)နယ်မြေတွင် KNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ တပ်ခွဲမှူးတဦး၊ ဒု- ခွဲမှူးတဦး၊ တပ်ကြပ်တဦးအပါအဝင် ၂၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။
 
 
စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly