လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး

By မောင်ခက်နွေ(မဇ္ဈိမ)
15 November 2023
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)

ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ  စစ်ကောင်စီစခန်းများကို သိမ်းယူထားနိုင်ပြီး မြို့ကို ဝင်ရောက်သိမ်းယူရန် ပြင်ဆင်နေပြီဟု ကိုးကန့်တပ်မတော် (MNDAA)က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

တရုတ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင်စည်းကမ်းနှင့် မြို့ဝင်စည်းကမ်းကို တစိုက်မတ်မတ်လိုက်နာပြီး ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရန်၊ ကျားဖြန့်ကုမ္ပဏီများက ဖမ်းဆီးထားသော  ဓားစာခံများကိုကယ်ထုတ်ရန်၊ ကျားဖြန့်ကုမ္ပဏီနောက်ခံအင်အားများကို ပြင်းပြင်းထန်ထန်ချေမှုန်းရန်၊လုပ်ငန်းရှင်များကိုသက်ဆိုင်ရာဌာနသို့အပ်နှင်းရန်၊ ထုတ်ပြန်ထား‌သော စစ်သုံ့ပန်းမူဝါဒကိုလိုက်နာရန်၊ ဒေသတွင်းရှိ တရားဝင်လုပ်ငန်းကုမ္ပဏီများကို တတ်နိုင်သမျှကာကွယ်ပေးရန် အသိပေးထားကြောင်းMNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြပေးသည်။

“လောက်ကိုင်ကိုဝန်းရံထားနိုင်တဲ့အခြေအနေမှာရှိနေပြီ။ ဝင်ဖို့လည်းအချိန်တန်ပြီ” ဟု လီကျားဝင်းက မဇ္ဈိမ ကို ပြောသည်။

ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)

လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက်၌ မြို့တွင်းလူအသွားအလာအလွန်နည်းနေပြီး အများစုသည် စစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြသည်ဟု မြို့ခံတဦးကပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည် MNDAA၊TNLAနှင့် ၊AA တို့က စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈)ခြေမြန်တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ပါစင်ကျော်ကျေးရွာသည် ချင်းရွှေဟော်−လောက်ကိုင်လမ်းမပေါ်တွင်တည်ရှိပြီး  လောက်ကိုင်မြို့နှင့်လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။

ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)

ယမန်နေ့ကလည်း  လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၂၉)မှ  တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ဦးနှင့် မိသားစုဝင် ၁၃၄ဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု  MNDAAက ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly