မန်တုံမြို့ကို TNLA က ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်တွင် ခလရ (၁၃၀)တပ်စခန်းသာ ကျန်

By 009 (မဇ္ဈိမ)
16 November 2023
မန်တုံမြို့ကို TNLA က ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်တွင် ခလရ (၁၃၀)တပ်စခန်းသာ ကျန်
Photo/TRA

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏တပ် စခန်းတခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်ဆင်ရေးစတင်ချိန်ကတည်းက မန်တုံမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းများကို TNLA က တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့အရှေ့ဘက်ရှိ ခလရ (၁၃၀) တပ်စခန်းတခုသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက မန်တုံမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာရုံး များနှင့် မန်တုံဌာနေပြည်သူ့စစ်စခန်းများကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် မြို့ကိုထိန်းချုပ်ထားကြောင်း TNLA က အတည်ပြုပြောကြားသည်။

“မြို့ပေါ်ကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားပါတယ်။ နမ့်ခမ်းမြို့လိုပဲ မန်တုံမြို့ကိုလည်း ထိန်း ချုပ်ထားပါတယ်”  TNLA ပြောရေးဆိုခွင့်ရုံးမှတာဝန်ခံ စစ်မေတဦးက မဇ္ဈိမကိုပြောကြားသည်။
TNLA က မြို့ပေါ်၌လုံခြုံရေးချထားသလို မန်တုံမြို့မရဲစခန်းနှင့် မန်တုံဌာနေ ပြည်သူ့စစ်စခန်းများတွင် တပ်စွဲထားပြီး ခန့်မှန်းအင်အား ၁၀၀ အောက်ရှိ ခလရ(၁၃၀)တပ်စခန်းကို ပတ်ပတ်လည်လည်ပိတ်ဆို့ ကာ ရိက္ခာဖြတ်တောက်ထားကြောင်း မြို့ခံများက ဆိုသည်။ 

“ ၁၃၀ တပ်က အပြင်မထွက်ရဲတော့ဘူး။ ဟင်းဝယ်တာတောင်မှ သူတို့ မိန်းမတွေ အပြင်ခိုးထွက်ပြီး ဝယ်ရ တာ။ TNLA က သူတို့စခန်းကို ပတ်ပတ်လည်ပိတ်ထားတယ်” ဟု မန်တုံမြို့ခံ အမျိုးသားတဦးက ပြော သည်။

ရိက္ခာဖြတ်တောက်ခံထားရသည့် ခလရ(၁၃၀)တပ်စခန်းထဲသို့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လေကြောင်းအသုံးပြုပြီး ရိက္ခာနှင့် ခဲယမ်းများချပေးနေရကြောင်းလည်း ၎င်းကဆိုသည်။ 

ခလရ(၁၃၀)တပ်စခန်းထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် အနီးအနားရှိ မြို့ပေါ်ရပ်ကွက် များမှ မြို့ခံအများအပြားသည် တောင်ပေါ်ကျေးရွာများသို့ တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။ 

မန်တုံမြို့ကို စစ်ကောင်စီက ဖုန်းလိုင်းအချို့ဖြတ်တောက်ထားသလို တိုက်ပွဲများကြောင့် စက်သုံးဆီလည်း ပျက်တောက်လုနီးပါးဖြစ်နေကြောင်း မြို့ခံများက ပြောကြသည်။

လားရှိုး-မူဆယ်လမ်းပိုင်းမှ သိန်းနီမြို့အဝင် တံတားတစင်းကို ကိုးကန့်တပ်ဖွဲ့(MNDAA)က စစ်ရေးအရ ဖျက်ဆီးထားခြင်းကြောင့် ဒေသခံများအနေဖြင့် လားရှိုး-နမ္မတူ-မန်တုံ-နမ့်ခမ်း-မူဆယ် လမ်းကြောင်းကို အသုံးပြုနေရပြီး TNLA က မန်တုံမြို့ အဝင်အထွက်ကို ခွင့်ပြုပေးထားကြောင်း သိရသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် ပူးတွဲဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအဖြစ် TNLA က မန်တုံမြို့ကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့ပြီး တဆက်တည်းရှိ တရုတ်-မြန်မာနယ်စပ်မှ နမ့်ခမ်းမြို့ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

မန်တုံမြို့နှင့် နမ့်ခမ်းမြို့တလျှောက်မှ စစ်ကောင်စီတပ်စခန်းအများအပြားကို TNLA က တိုက်ခိုက်သိမ်း ပိုက်ထားပြီး နမ့်ခမ်းမြို့မှ စစ်ကောင်စီ၏နောက်ဆုံးတပ်စခန်းဖြစ်သော စခန်းသစ် တပ်စခန်းကိုလည်း ရိက္ခာဖြတ်တောက်ထားကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မန်တုံ၊ နမ့်ခမ်းမြို့အပြင် နောင်ချိုမြို့နှင့် ဂုတ်တွင်းတံတားကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်ထားပြီး ကျောက်မဲ၊ သီပေါမြို့တို့ကိုလည်း တိုက်ခိုက်လျက်ရှိသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required