နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကို တရုတ် ထပ်မံတိုက်တွန်း

နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကို တရုတ် ထပ်မံတိုက်တွန်း

နယ်စပ်ဒေသလုံခြုံရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၄ ရက်မှာ မြန်မာစစ်ကောင်စီကို ထပ်မံ တိုက်တွန်းခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ အရှိန်မြှင့်လာတဲ့အပေါ် စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခနောက်ဆုံး အခြေအနေနဲ့ စပ်လျဉ်းပြီး သဘောထားကို ထုတ်ဖော်ပြောကြားရာတွင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း ဆိုထားပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပါ တယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ထိရောက်တဲ့ အစီအ မံတွေ လုပ်ဆောင်ဖို့ မြန်မာစစ်ကောင်စီကို ကျွန်မတို့ တောင်းဆိုပါတယ် လို့ သူက ပေကျင်းမြို့တော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစလို့ တိုက်ပွဲ တွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ဖြစ်နိုင်သမျှစောပြီး အပစ်အခတ်ရပ်စဲဖို့၊ အခြေအနေ တင်းမာလာမှုကိုရှောင်ကြဉ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေက တစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက တိုက်တွန်း တယ်လို့ မော်နင်က ဆိုပါတယ်။

သက်ဆိုင်ရာ ဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး အခြေအနေပိုမိုပြင်းထန်လာခြင်းကနေ ရှောင်ကြဉ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းသော နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းကြောင်း တရုတ်သံရုံး(မြန်မာ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းတွေနဲ့ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားတာကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလည်း ရပ်တန့်နေတာဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ တရုတ်နယ်စပ်အနီး ဖြစ်ပွားနေမှုကြောင့် ဘေဂျင်းအစိုးရရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ BRI စီမံကိန်းနဲ့ နှစ်နိုင်ငံအကြား အဓိကကုန်သွယ်မှုလမ်းကြောင်းကို အန္တရာယ်ရှိစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required