၁၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုအကြောင်း အစီရင်ခံစာထုတ်ပြန်

၁၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုအကြောင်း အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀ ၂၃ ခုနှစ်အထိ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုအမျိုးမျိုးအတွက် မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိအများစုမှာ တာဝန်ရှိတဲ့အကြောင်း အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် ဥပဒေဌာနရဲ့ လူ့အခွင့်အရေး အင်စတီကျု လက်အောက်က ကမ္ဘာတစ်ဝန်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးတဲ့ Security Force Monitor (SFM) သုတေသနအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၁၂ နှစ်တာ ကာလ အတွင်း မြန်မာ စစ်တပ်ရဲ့ စစ်ဌာနချုပ်တွေ ဖွဲစည်းပုံနဲ့ လက်အောက်ခံ အစုအဖွဲ့ ရာနဲ့ချီရဲ့ အမိန့် စီးဆင်းမှု၊ အုပ်ချုပ်မှု အသေးစိတ်ကို လေ့လာ ဖော်ပြထားပါတယ်။

ဒီသုတေသနအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ မြန်မာစစ်တပ်ရဲ့ အကြီးတန်းခေါင်းဆောင် ၇၉ ဦးရှိတဲ့အထဲက အများစုဟာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ကြား လူ့အခွင့်အရေးချိုးဖောက်မှု တခုစီတိုင်းမှာ ကွပ်ကဲမှုနေရာမှာ ဘယ်သူက တာဝန်ရှိကြောင်းကို သုတေသနမှာ ဖော်ထုတ်ထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူတွေကို ဖိနှိပ်တာနဲ့ ၂၀၁၇ တုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ “လူမျိုးတုံးသုတ်သင်မှု” အဖြစ် စွပ်စွဲ ပြောဆိုတဲ အထိ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေကို အသေးစိတ် မှတ်တမ်းတင်ခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကျူးလွန်သူတွေ၊ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ဒီသုတေသနကို လုပ်တာလို့ SFM သုတေသန အဖွဲ့က ပြောပါတယ်။

SFM ရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က တပ်ရင်းမှူးတွေရဲ့ နောက်ကြောင်း ရာဇဝင်တွေကိုလည်း လေ့လာစုံစမ်းဖော်ပြထားပြီး သူတို့လက်အောက်က တပ်ဖွဲ့တွေနဲ့ သူတို့ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံးနဲ့ ပွင့်လင်းမြင်သာမှု မရှိဆုံး စစ်တပ်တွေထဲမှာ တခုပါတဲ့ မြန်မာ စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာမှာ တာဝန်ခံမှုရအောင် ပံ့ပိုးပေးဖို့ ကြိုးပမ်းတာလို့ ဆိုပါတယ်။

ဒီသုတေသန တွေ့ရှိချက်တွေကို အနာဂတ်မှာ တရားမျှတမှုရဖို့ တရားစီရင်ရာမှာ အသုံးပြုနိုင်ဖို့ မှတ်တမ်းအဖြစ်ထားဖို့ ရည်ရွယ်ထားတယ်လို့ SFM အဖွဲ့က ဆိုပါတယ်။

ကိုလံဘီယံတက္ကသိုလ်က SFM သုတေသနအဖွဲ့ဟာ ကမ္ဘာအရပ်ရပ်က လုံခြုံရေးတပ်ဖွဲ့တွေ ကျုးလွန်တဲ့ ရာဇဝတ်မှုအမျိုးမျိုးကို လေ့လာစုံစမ်းခဲ့ပြီး ယီမင်နိုင်ငံကို ဆော်ဒီအာရေးဘီးယား ဦးဆောင်တဲ့ နိုင်ငံစုံအဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်ရပ်မှာ အမေရိကန်နိုင်ငံက နောက်ကွယ်က ပံ့ပိုးကူညီနေတာကို ဖော်ထုတ်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required