စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ အလင်းဝင်ကြရန် နောက်ဆုံးအခွင့်အရေးပေးတဲ့ ကြေညာချက် NUG ထုတ်ပြန်

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ အလင်းဝင်ကြရန် နောက်ဆုံးအခွင့်အရေးပေးတဲ့ ကြေညာချက် NUG ထုတ်ပြန်

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ အလင်းဝင်ကြရန် နောက်ဆုံးအခွင့်အရေးပေးတဲ့ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြဖို့ အမိန့်ကြော်ငြာစာမှာ မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်မှာ  တော်လှန်ရေးအင်အားစုများအနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာနဲ့“လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီး ဖြစ်ကြောင်းအသိပေးထားပါတယ်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုတွေအတွင်း သိမ်းယူစိုးမိုးရရှိထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းတွေဟာ  ဌာနဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရမယ်လို့လည်း အကြောင်းကြားထားပါတယ်။

Non-CDM ဝန်ထမ်းများအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်တဲ့ နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြဖို့ သတိပေးထားတာဖြစ်ပါတယ်။

လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမယ်လို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို အရေးပေါ် အခြေအနေအတွက် အသင့်ပြင်ထားကြဖို့ အမိန့်ကြေညာချက် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့လက မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြင်းထန်တဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေက မြို့အချို့ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်မှာ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်လက်အောက်ခံ ခြေမြန်တပ်ရင်း ဖြစ်တဲ့ စစ်ကောင်စီရဲ့  ခမရ ၁၂၉ မှ တပ်ရင်းမှူးနဲ့ ၁၂၆ ဦး ပါဝင်တဲ့ တပ်ရင်းတစ်ရင်းလုံးမှ တပ်မိသားစုဝင်များ စုစုပေါင်း ၂၆၂ ဦးဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း တစ်ကြိမ်တည်း ပြည်သူရင်ခွင်ခိုလှုံသူ အများဆုံးဖြစ်ပြီး ကွမ်းလုံမြို့သိမ်းတိုက်ပွဲမတိုင်ခင်အောက်တိုဘာလကုန်ပိုင်းကလည်း စစ်ကောင်စီတပ်မှ တပ်ရင်းလိုက် အရာရှိများအပြား အလင်းဝင်ခဲ့ကြပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံကြသူတွေရဲ့ အသက်၊ အန္တရာယ် လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိ ခိုက်ရအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ဘဲ မိသားစု၊ ဆွေမျိုးတွေနဲ့ အမြန်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က  အသိပေးထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အစပိုင်းမှာ အကြမ်းမဖက်ဘဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့သူ ဝန်ထမ်းလေးသိန်းကျော်ရှိပြီး နောက်ပိုင်းမှာ စစ်ကောင်စီက နာမည်ပျက်စာရင်းသွင်းပြီး ဖိအားပေးခြိမ်းခြောက်မှုနဲ့ စားဝတ်နေရေးပြဿနာတွေကြောင့် မူလဌာနတွေမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ ကြပေမယ့်အခုနှစ် ဧပြီလကတော့ CDM ဝန်ထမ်းအရေအတွက် သုံးသိန်းကျော်လောက် ကျန်သေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ က ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required