အဲဗာတန်အသင်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ပြီးနောက် ၁၀ မှတ် အနုတ်ခံရ

By AFP
17 November 2023
အဲဗာတန်အသင်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ပြီးနောက် ၁၀ မှတ် အနုတ်ခံရ
Photo: AFP

အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP)ကို ချိုးဖောက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ၁၀ မှတ် အနုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

ဒီပြစ်ဒဏ်ဟာ ပြိုင်ပွဲသမိုင်းတလျှောက် အကြီးမားဆုံး အားကစားဆိုင်ရာ အရေးယူပိတ်ဆို့မှုဖြစ်ပြီး အဲဒီ့အတွက် အဲဗာတန်ဟာ ဇယားမှာ အဆင့် ၁၄ နေရာမှ အဆင့် ၁၉ နေရာအထိ ဆင်ပေးရတော့မှာပါ။

လိဂ်က အဲဗာတန်အသင်းကို ၎င်းရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ PSRs စည်းမျဉ်းများ ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် မတ်လမှာ လွတ်လပ်တဲ့ ကော်မရှင်ထံ လွှဲပြောင်းခဲ့ပါတယ်။

ကလပ်အသင်းတွေကို သုံးနှစ်တာကာလအတွင်း အများဆုံးပေါင် ၁၀၅ သန်း (ဒေါ်လာ ၁၃၀ သန်း) ဆုံးရှုံးခွင့် ဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခွင့်ပြုထားပါတယ်။

"ကလပ်အသင်းက ၂၀၂၁-၂၂ ရာသီကုန်ဆုံးချိန်ကာလအတွက် PSRs ကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့်လည်း ချိုးဖောက်မှုအတိုင်းအတာမှာ အငြင်းပွားဆဲဖြစ်ပါတယ်။"လို့ ပရီးမီးယားလိဂ်က ကြေညာချက်တခုမှာ ပြောပါတယ်။

“ပြီးခဲ့တဲ့လက ငါးရက်ကြာ ကြားနာပြီးနောက် သက်ဆိုင်ရာကာလအပိုင်းအခြားအတွက် အဲဗာတန်အသင်းရဲ့ PSR တွက်ချက်မှုဟာ ပရီးမီးယားလိဂ်က အခိုင်အမာပြောဆိုခဲ့တဲ့အတိုင်း ပေါင် ၁၂၄.၅ သန်း အရှုံးပေါ်ခဲ့ပြီး PSR အောက်မှာ ခွင့်ပြုထားတဲ့ ပေါင် ၁၀၅ သန်းထက် ကျော်လွန်သွားတယ်လို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။

"၁၀ မှတ်လျှော့ချတဲ့ပုံစံဖြင့် အားကစားဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုကို ချမှတ်သင့်တယ်လို့ ကော်မရှင်က ကောက်ချက်ချခဲ့ပါတယ်။ ဒီအရေးယူမှုဟာ ချက်ချင်းအသက်ဝင်ပါတယ်"

"လုံးဝအချိုးညီမှုမရှိဘဲ တရားမျှတမှုမရှိ"တဲ့ စီရင်ချက်ကြောင့် "တုန်လှုပ်ပြီး စိတ်ပျက်မိတယ်"လို့ ကလပ်အသင်းက ပြောပါတယ်။

ကလပ်အသင်းကတော့ ဒီအရေးယူမှုကို အယူခံဝင်ဖို့ ရည်ရွယ်ထားကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required