ထိုင်းတွင် သေနတ်လိုင်စင်များ ထုတ်ပေးမှု ၁ နှစ် ရပ်ဆိုင်းရန် ညွှန်ကြား

ထိုင်းတွင် သေနတ်လိုင်စင်များ ထုတ်ပေးမှု ၁ နှစ် ရပ်ဆိုင်းရန် ညွှန်ကြား
Photo: AFP

ထိုင်းတွင် သေနတ်လိုင်စင်များ ထုတ်ပေးမှုကို တနှစ် ရပ်နားထားရန် အမိန့်ညွှန်ကြားချက်တရပ်ကို ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်က လက်မှတ်ထိုးလိုက်ကြောင်း နိုဝင်ဘာ ၂၃ ရက် ဘန်ကောက်ပို့စ်သတင်းတပုဒ်တွင် ဖော်ပြသည်။

Por 12 ဟု သိကြသည့် ထိုညွှန်ကြားချက်သည် သေနတ်အကြမ်းဖက်မှုကို ထိန်းချုပ်ဟန့်တားရန် ရည်ရွယ်သည်။ ထိုအမိန့်ညွှန်ကြားချက်ကို အတည်ပြုရန်အတွက် ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းထံ တင်သွင်းထားသည်။

ထိုညွှန်ကြားချက် တော်ဝင်ဂေဇက်တွင် ထုတ်ပြန်ကြေညာပြီးနောက် တရက်အကြာတွင် ပိတ်ပင်ချက် အသက်ဝင်လိမ့်မည် ဖြစ်ကြောင်း ထိုင်းအစိုးရ၏ တရားဝင်ဂျာနယ်အရ သိရသည်။သေနတ်ထိန်းချုပ်မှု အစီအမံသည် ရဲတပ်ဖွဲ့ကဲ့သို့ အစိုးရအရာရှိများအပေါ် အကျုံးဝင်သက်ရောက်မည် မဟုတ်ပေ။

Por 12 လိုင်စင်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းရန် လိုကြောင်း သေနတ် မှတ်ပုံတင်အရာရှိများကို အသိပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆူသီပေါင် ချူလ်ချာရွန်းက ပြီးခဲ့သည့်အပတ်က ပြောသည်။ အဆိုပါ မှတ်ပုံတင်အရာရှိများထဲတွင် ခရိုင်အကြီးအကဲများနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ပါဝင်နိုင်သည်။

မှတ်ပုံတင်အရာရှိများအနေဖြင့် ရှိရင်းစွဲ လိုင်စင် ကိုင်ဆောင်ထားသူများကို အန္တရာယ်မရှိသည့် သေနတ်အမျိုးအစားများ တင်သွင်းရောင်းချမှုအတွက် လိုင်စင်သစ်များ ထုတ်ပေးခြင်းကို ရပ်တန့်ရလိမ့်မည်ဟု မစ္စတာ ဆူသီပေါင်က ပြောသည်။ တကယ့် ကျည်အစစ် ထည့်ပစ်ခတ်နိုင်သည့် သေနတ်များအဖြစ် မွမ်းမံပြောင်းလဲနိုင်သည့် လက်ရှိအန္တရာယ်မရှိသည့် သေနတ်အတုများ ကိုင်ဆောင်ထားသူများအနေဖြင့် သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိများထံတွင် မှတ်ပုံတင်ရန်လိုမည်ဖြစ်သည်။

အများပြည်သူနေရာများတွင် အရပ်သားများ သေနတ်ကိုင်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်ရန် စဉ်းစားလျက်ရှိသည်ဟု မစ္စတာ အနုတင်က နိုဝင်ဘာ ၁၃ ရက်က ပြောကြောင်း Vietnam Plus က ဖော်ပြသည်။ထိုင်း၏ မြို့တော်တွင် များမကြာမီက လူသေဆုံးစေသည့် ပစ်ခတ်မှုများဖြစ်ပြီးနောက် မစ္စတာ အနုတင်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က ဘန်ကောက်မြို့ ဆီယမ် ပါရာဂွန် ရှော့ပင်းမောတွင် အသက် ၁၄ နှစ်အရွယ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီးတဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required