ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် အိမ်ခြေအချို့ မီးလောင်

By ဓါတု (မဇ္ဈိမ)
23 November 2023
ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် အိမ်ခြေအချို့ မီးလောင်
ဓာတ်ပုံ- CJ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ယနေ့ နိုဝင်ဘာလ ၂၃ ရက်  နေ့လယ် ၁၁ နာရီ ၂၀ မိနစ်က ပစ်ခတ်ရာ အိမ်ခြေအချို့မီးလောင်မှုဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း ယင်းမြို့နှင့်နီးစပ်သည့်​ဒေသခံများထံက သိရသည်။

" လက်နက်ကြီးကြောင့် ကမ်းနားကရပ်ကွက်တခု မီးလောင်တာ မီးခိုးတွေထွက်နေတာတွေ့ရတယ်။ စစ်ကောင်စီက စစ်တွေမြို့သုံးနေရာကနေ ပေါက်တောဘက်ကို အလှည့်ကျပစ်နေတယ်။ မြို့ထဲပိတ်မိနေသူတွေ ရှိသေးတယ်"ဟု ပေါက်မြို့အနီးရှိ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်အနေဖြင့်  စစ်တွေမြို့ရေတပ်၊ စစ်တွေရဲတပ်ရင်း နှင့် စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ဘက်မှ အချိန်ဇယားခွဲထား၍ အလှည့်ကျပစ်ခတ်နေသည်ကို တွေ့ရကြောင်း စစ်တွေမြို့ခံများ၏အဆိုအရ သိရသည်။

အဆိုပါ ပေါက်တောမြို့တွင် မီးလောင်နေသည့်နေအိမ်များအား မြို့နှင့်အနီးနားတွင်နေထိုင်သည့် ဒေသခံများက ခပ်လှမ်းလှမ်းတွင် မြင်တွေ့ရကြောင်းသိရသည်။

ပေါက်တောမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ခပ်စိပ်စိပ်ဆက်တိုက်ပစ်ခတ်နေသည့်အပြင် မြို့အတွင်းပိတ်မိနေသူများမှာ ခန့်မှန်းလူဦးရေ ၁၀၀ မှ ၂၀၀ ဝန်းကျင် ကျန်ရှိနေသေး၍ ယင်းဒေသခံများအနက် ပြေးလွှားရန်ခက်ခဲနေသည်မှာ သက်ကြီးရွယ်အိုအများစုဖြစ်ကြောင်း ပေါက်တောမြို့လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူကပြောသည်။

"နေအိမ်မီးလောင်နေတာဟုတ်တယ်။ စစ်ကောင်စီက ဓားစာခံဖမ်းထားတာတွေကို ရက္ခိုင့်တပ်တော်ကနေပြီး ကယ်ထုတ်ပေးလို့ အဆင်ပြေတာတွေရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအထဲ လူငယ်လူရွယ်တွေလောက်ပဲ ပြေးနိုင်တော့ အဘိုးအဘွားအများစုက မသွားလာနိုင်တာရှိတယ်။ ကျွန်တော်တို့ဝင်ဖို့ခဏခဏကြိုးစားပေမယ့် အဆင်မပြေဘူး"ဟု ၎င်းကဆိုသည်။

မီးလောင်သည့် နေအိမ်အရေအတွက်နှင့် လူထိခိုက်မှုစာရင်းအား မသိရသေးပေ။

လက်ရှိအခြေအနေအရ ပေါက်တောမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် အဆိုပါမြို့ရှိဒေသခံများကို ချိတ်ဆက်၍မရသေးကြောင်း ပုဏ္ဏားကျွန်းမြို့နှင့် အမ်းမြို့ရှိ ဆွေမျိုးနီးစပ်သည့် ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသော လူပေါင်း ၁၈၀ ကျော်အနက် ၁၀၀ နီးပါးကို  နိုဝင်ဘာ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ထုတ်ပြန်ထားသည်။

ကယ်ထုတ်ရန် ကျန်ရှိနေသေးသည့် အရပ်သားများအား ထပ်မံကယ်ထုတ်ရန်ရှိကြောင်း AA မှ ထုတ်ပြန်ထားသည်။ 

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly