လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေသို့ရောက်ရှိနေ

လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေသို့ရောက်ရှိနေ

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို အခုသီတင်းပတ်အတွင်းမှာတင် စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အာချေးပြည်နယ် Bireun ဒေသကို ရောက်ရှိလာပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲ Miftah Cut Ade က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီ

ရက်ပိုင်းအတွင်း ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ သုံးစီးမြောက်လှေဖြစ်ပါတယ်။

အာချေးပြည်နယ် Pidie ဒေသကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရိုဟင်ဂျာအယောက် ၂၀၀ လောက်ရောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက်ကလည်း ၁၉၆ ယောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ လူနည်းစု ရိုဟင်ဂျာတွေဟာ ခနော်နီခနော်နဲ့လှေတွေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းသာမက မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားဖို့ ကြိုးစားကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ခန့်တင်ဆောင်လာတဲ့လှေ အင်ဒိုနီးရှားကို နိုဝင်ဘာ ၁၆ က ထပ်ရောက်လာတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။

အထူးသဖြင့် ပင်လယ်ရေပြင် ငြိမ်သက်တဲ့ နိုဝင်ဘာနဲ့ ဧပြီကြားမှာ ပင်လယ်ဖြတ်သန်းပြီး အဲဒီနိုင်ငံတွေ ရောက်အောင် ကြိုးစားကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

ဒီရိုဟင်ဂျာဒုက္ခသည်တွေပါတဲ့ လှေဟာ လူ ၂၄၉ ဦးကို တင်ဆောင်ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ကနေ ထွက်ခွာလာတာလို့ ရိုဟင်ဂျာဒုက္ခသည် Manzur Alam ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။

ရောက်လာကြသူတွေဟာ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်စွန်း အာချေ့ကမ်းခြေနဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့နေရာမှာ စောင့်နေကြကြောင်း Pulo Pineung Meunasah ရွာသူကြီး Mukhtaruddin က ပြောပါတယ်။

ရိုဟင်ဂျာတွေ ဘယ်ကနေ ထွက်ခွာလာပြီး အင်ဒိုနီးရှားကမ်းခြေကို ရောက်လာတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မကြာခဏဆိုသလို ရေကြောင်းကနေ ဒေသတွင်း နိုင်ငံတွေဆီ ရောက်လာလေ့ ရှိကြပါတယ်။

အခုနောက်ထပ် ရေကြောင်းက ရောက်လာသူတွေဟာ အားအင်ချိနဲ့နေပြီး နေထိုင်မကောင်းသူတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အင်ဒိုနီးရှားနိုင်ငံ တာဝန်ခံကတော့ အခုနောက်ဆုံး ရောက်လာသူတွေနဲ့ ပတ်သက်လို့ အချက်အလက် အတိအကျ မသိရသေးကြောင်းနဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံရေး တာဝန်ရှိသူတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်း AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂၀၀၀ ကျော်လောက်ဟာ ဘေးအန္တရာယ်များတဲ့ ပင်လယ်ပြင်ကို စွန့်စားဖြတ်ကျော်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားဖို့ ကြိုးပမ်းကြတာပါ။

 အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ နှစ်က ရိုဟင်ဂျာ ၂၀၀ လောက် ပင်လယ်တွင်းမှာပဲ ပျောက်ဆုံး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

 ၂၀၂၂ ဟာ ဆယ်စုနှစ်နီးပါးအတွင်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာတွေ အများဆုံးသေဆုံးတဲ့နှစ်ဖြစ်တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required