ကချင် - စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီးကို ၂ ဖက်လက်နက်ကိုင်အဖွဲ့က တိုက်ပွဲများကြောင့် ယာယီပိတ်

By အဂမ် (မဇ္ဈိမ)
17 November 2023
ကချင် - စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီးကို ၂ ဖက်လက်နက်ကိုင်အဖွဲ့က တိုက်ပွဲများကြောင့် ယာယီပိတ်
ပုံအညွှန်း- မြစ်ကြီးနားခရီးသည်တင် မော်တော်ကားဂိတ် (ဓာတ်ပုံ- CJ)

ကချင်ပြည်နယ်နှင့်  စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့်   ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းကို  နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက တိုက်ပွဲများကြောင့်  သွားလာခွင့် ယာယီ ပိတ်ထားကြောင်း ခရီးသည်တင် မော်တော်ယာဥ်လိုင်း တာဝန်ရှိသူများထံက သိရသည်။ ထိုသို့ ပိတ်ထားသည်ကို စစ်ကောင်စီနှင့် KIA ၊ PDF တို့က  တရားဝင် အသိပေးကြေညာထားခြင်းမဟုတ်ဘဲ  ရောက်ရှိလာသည့် ကားများကိုသာ ဖြတ်သန်းသွားလာခွင့် မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲ အခြေအနေများကြောင့် ၎င်းပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်များနှင့် ကားလမ်းမကြီးဖြတ်သန်းသွားရာ ကျေး ရွာတချို့တွင်  တော်လှန်ရေးအင်အားစုများက ယမန်နေ့  နိုဝင်ဘာလ ၁၆ ရက်ကစပြီး သွားလာခွင့်ပိတ်ထားကြောင်းသိရသည်။ 

KIA နှင့် PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပင်ဝယ်၊ နဘား၊ မော်လူးတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး  စစ်ကောင်စီတပ်က ကချင်ပြည်နယ် အထွက်ဂိတ်ဖြစ်သည့် နန့်ဆီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပိတ်ထားကြောင်းခရီးသည်တင် မော်တင်ယာဥ်လိုင်းမှ သတင်းရင်းမြစ်တဦးက  ဆိုသည်။

“ သုံးရက်လောက် စောင့်ကြည့်ပိတ်မယ် ပြောတယ်။ ဒီလမ်းကြောက ကြာကြာပိတ်လို့မရပါဘူး။ လောလောဆယ်တော့ ဘယ်ကားလိုင်းမှလည်း မထွက်တော့ဘူး။ ဒီကဆင်းသွားတဲ့ကားတောင် မိုးညှင်းမှာပဲ ပိတ်မိနေကြတယ်။ အဲ့ကနေ လမ်းကြောအခြေအနေကို ဂိတ်ကို ဖုန်းဆက်ပြောပြကြတယ်။ မိုးညှင်းအထိတော့ သွား ကြတာရှိပါသေးတယ် ”လို့ မြစ်ကြီးနားခရီးသည်တင် မော်တင်ယာဥ်လိုင်းမှ သတင်းရင်းမြစ် ဂိတ်မှူးတဦးက ပြောသည်။

သွားလာခွင့်ပိတ်ထားသည့်အတွက် ရန်ကုန်ဘက်မှ တက်လာသော ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဥ်များသည် အင်းတော် အထိမသွားတော့ဘဲ ဗန်းမော် - ရွှေဘိုလမ်းဖြစ်သည့် ဒေသအခေါ်အရ ထီးချိုင့် - မဲဇာကုန်းဆင်း ကျောင်းကုန်းရွာလမ်ဆုံနှင့် ဗန်းမော်ဘက်မှ ဆင်းလာသောကားများက ရွှေကူမြို့တွင်လည်ကောင်း၊ မြစ်ကြီးနားဘက်မှဆင်းလာသော ယာဉ်များက နန့်စီအောင်ဂိတ်အပါအဝင် မော်ဟန်/မော်စဲ မိုးညှင်းမြို့များတွင် အသီးသီး သောင်တင်နေကြသည်။

လက်ရှိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသော အင်းတော်၊ ကသာ အစရှိသည့်မြို့နယ်များတွင် နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်း သတိထားနေထိုင်ကြရန်  KIA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ကြေညာပြောဆိုထားသည်။  

လက်ရှိ ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲရှိ  ကသာမြို့နယ်အပါအဝင် ထီးချိုင့်မြို့နယ်၊ အင်းတော် မြို့နယ် နှင့် ဗန်းမောက်မြို့နယ်တစ်လျှောက်တွင်  စစ်ကောင်စီတပ်နှင့် KIA,PDF ပူးပေါင်းတပ်များအကြား စစ်ရေးအရှိန်ပိုမြင့်လာတဲ့ပြီး  ထီးချိုင့်မြို့နယ်တွင်  မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်မှာ ရက်သတ္တပတ်ကို ကျော်လွန်လာပြီ ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required