ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်

By 001 (မဇ္စျိမ)
17 November 2023
ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်
ပုံအညွှန်း- လွိုင်​ကော်မြို့မှ စစ်​ဘေး​ရှောင်အချို့အား ​တွေ့ရစဥ် (ဓာတ်ပုံ - ကရင်နီလူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီ​ပေး​ရေးအဖွဲ့-KHAI )

ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  အခြေပြုဒေသများတွင် လာရောက်ခိုလှုံနိုင်ကြောင်းနှင့် တတ်အားသရွေ့ကူညီသွားမည်ဖြစ်ကြောင်း PNLO က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

PNLO အနေဖြင့် စစ်ဘေးရှောင်များကို လုံခြုံရေး ၊ စားဝတ်နေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို NCA ပါပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ကူညီကယ်ဆယ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း ဆိုထားသည်။

“ ကျွန်တော်တို့ မောက်မယ်မြို့နယ်ထဲက ကျွန်တော်တို့အခြေပြုတဲ့ ဗန်းမတ်ဒေသ အဲ့ဒီဖးဘက်မှာ၊ နောက်ပြီး အခုမှ မဟုတ်ဘူးပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက ကျွန်တော်တို့က အဲ့ဒီမှာ ကယားပြည်နယ်က စစ်ဘေးရှောင်တချို့ ရောက်လာတာရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဆီမှာ လာခိုလှုံတာရှိတယ်။ သူတို့ နေဖို့ထိုင်ဖို့အတွက် ရေတွေသွယ်တန်းပေးထားတာရှိတယ်။ ယာယီတဲတွေ အဲ့ဒီလိုမျိုး ဆောက်ထားပေးတာတော့ရှိတယ်”ဟု PNLO ဒုတိယဥက္ကဌ( ၁) ခွန်ထွန်းတင်က ဆိုသည်။

၂၀၂၂ ခုနှစ်ကတည်းက လာရောက်ခိုလှုံသူ မိသားစု ၂၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း မိသားစုအချို့မှာ ပြန်သွားသည့်အတွက် လက်ရှိ စစ်ဘေးရှောင်မိသားစု ၁၀၀ ကျော်ခန့် ဆက်လက်ခိုလှုံနေကြောင်းလည်း သိရသည်။

အဆိုပါ ဗန်းမတ်ဒေသအတွင်း စစ်ဘေးရှောင်များ ခိုလှုံနိုင်ရန် လူ ၅၀၀ ဝန်းကျင်ခန့်အတွက် အဆောက်အအုံးများဆောက်လုပ်ထားကာ လိုအပ်ပါက ယာယီတဲများ ထပ်မံဆောက်လုပ်ပေးသွားမည်ဟု PNLO ဒုဥက္ကဌ (၁) က ပြောသည်။

“ဒီထုတ်ပြန်ချက်မထုတ်ခင်ကတည်းက ဆက်သွယ်လာတဲ့သူ လေး၊ ငါး၊ ဆယ်လောက်တော့ရှိတယ်။ လိုအပ်ချက်တော့အများကြီးရှိတာပေါ့။ အထူးသဖြင့် စားနပ်ရိက္ခာတွေပေါ့။ အဲ့တာတွေတော့ အရေးကြီးတာပေါ့”ဟု ဆိုသည်။

လွိုင်ကော်မြို့နှင့် အနီးတဝိုက်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

လက်ရှိတွင် လွိုင်ကော်မြို့နှင့် အနီးတဝိုက်အပါအဝင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့များမှ ပြည်သူဦးရေ ၃၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေးပေါ်တိမ်ရှောင်နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC) က နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များအနေဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၂၅၆၀၃၈၂၆၈၊ ၀၉-၂၅၀၉၅၃၅၄၈နှင့် ၀၉-၇၈၅၈၂၁၄၀၀ တို့ကို ဆက်သွယ်နိုင်ကြောင်း PNLO က ဖော်ပြထားသည်။

ထို့ပြင် ဒေသခံပြည်သူအနေဖြင့်လည်း ပအိုဝ်းဒေသအတွင်းရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို တတ်အားသရွေ့ ဝိုင်းဝန်းဆောင်ရွက်ပေးရန်လည်း PNLO ကတိုက်တွန်းထားသည်။

PNLO သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့တခုဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required