လောက်ကိုင်မှာ စားသောက်ကုန် ပြတ်လပ်နေပြီး ပိတ်မိနေသူတွေ အခက်အခဲဖြစ်နေတာကြောင့် ခေတ္တဖွင့်ပေးရန် ဒေသခံတွေ တောင်းဆို

By မဇ္ဈိမ 
22 November 2023
လောက်ကိုင်မှာ စားသောက်ကုန် ပြတ်လပ်နေပြီး ပိတ်မိနေသူတွေ အခက်အခဲဖြစ်နေတာကြောင့် ခေတ္တဖွင့်ပေးရန် ဒေသခံတွေ တောင်းဆို

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ အဆမတန် ဈေးတက်နေတဲ့အပြင် ဝယ်လို့မရတဲ့အထိပါဖြစ်နေတယ်လို့ လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေက ပြောပါတယ်။
ဒါကြောင့် ၁ လနီးပါး ပိတ်ဆို့ခံထားရတဲ့ လောက်ကိုင်မြို့ကို ခေတ္တ ဖွင့်ပေးဖို့‌ ဒေသခံတွေနဲ့ မြန်မာပြည်အောက်ပိုင်းက ရွှေ့ပြောင်းလုပ်သားတွေက တောင်းဆိုနေကြပါတယ်။

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က မြို့ထဲ ဝင်ထွက်သွားလာခွင့်မပေးဘဲ ပိတ်ထားလို့ လောက်ကိုင်မြို့မှာ ရောက်နေသူတွေ သောင်းနဲ့ချီ ပိတ်မိနေတာဖြစ်ပါတယ်။

ဒီလိုပိတ်မိနေတာကြောင့် အခြေခံစားသောက်ကုန်တွေလည်း အဆမတန် ဈေးတက်နေတဲ့အပြင် ဝယ်လို့မရတဲ့အထိပါဖြစ်နေတယ်လို့ လောက်ကိုင်မြို့မှာ ပိတ်မိနေသူတွေက ပြောပါတယ်။
ဆန်တွေ ပြတ်လပ်နေတဲ့အပြင် ခေါက်ဆွဲခြောက်၊ ပေါင်မုန့်နဲ့ ကိတ်မုန့်လို စားသောက်ကုန်တွေလည်း ဝယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

ပစ္စည်းလက်ကျန်ရှိလို့ ရောင်းပေးတဲ့ နေရာတချို့မှာလည်း ဆန်တစ်ပြည်ကို လေးသောင်းပေးဝယ်နေရပြီး စက်သုံးဆီဈေးတွေလည်းမြင့်တတ်နေကာ ဓာတ်ဆီ တစ်လီတာကို မြန်မာငွေ ကျပ်ရှစ်သောင်းကျော်အထိ ပေးဝယ်နေရတယ်လို့ လောက်ကိုင်မှာ ရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး လောက်ကိုင်မြို့မှာ လျှပ်စစ်မီးမရဘဲ ကိုယ်ပိုင်မီးစက်တွေနဲ့ သုံးနေရတာလို့ ဆိုပါတယ်။ လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ စစ်ရေးတင်းမာနေလို့ နှစ်ဖက်လုံးက လမ်းတွေ ပိတ်ထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ကိုးကန့်တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့က စပြီး "၁၀၂၇ စစ်ဆင်ရေး" အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာပါ။

လောက်ကိုင်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ MNDAA က ကြေညာထားပါတယ်။ အခုရက်ပိုင်း လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ နီးစပ်ရာမှာ မနေဖို့နဲ့ တိုက်ပွဲတွေဖြစ်ရင် လုံခြုံတဲ့ နေရာမှာသာ နေကြဖို့ သတိပေးထားပါတယ်။

တိုက်ပွဲကြောင့် လောက်ကိုင်မြို့ပေါ်က ဒေသခံ သုံးသောင်းကျော်လည်း တရုတ်နယ်စပ်မျဉ်း အမှတ် BP - 125 အနီးကို ထွက်ပြေးနေထိုင်နေကြရတာဖြစ်ပါတယ်။

လောက်ကိုင်မြို့ထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် ည ၆ နာရီကျော် အပြင်မထွက်ရသလို စစ်ကောင်စီတပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပါ မြို့ကိုပိတ်ထားတဲ့အတွက် ဒေသခံတွေနဲ့ လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကြသူ သောင်းချီ ပိတ်မိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာနေတာကြောင့် ဒုက္ခသည်တွေ နေရေးထိုင်ရေး အခက်အခဲဖြစ်နေပြီး ဆောင်းရာသီဝင်တော့မှာဖြစ်တာကြောင့် ပိုမိုခက်ခဲလာနိုင်တယ်လို့ ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly