မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုလမ်းပိုင်း ပြန်ဖွင့်ပေး

By ကချင်လေး (မဇ္ဈိမ)
23 November 2023
မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုလမ်းပိုင်း ပြန်ဖွင့်ပေး

မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုလမ်းပိုင်းကို သွားလာခွင့်ပိတ်ထားရာက တပတ်အကြာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ကြောင်း ခရီးသည်တင် ယာဥ်လိုင်းများထံက သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေသည့်အတွက် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားသည့် မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုကားလမ်းပိုင်းကို စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့က သွားလာခွင့်တွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းနေ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ သွားရောက်နိုင်မည့် ရွှေဘိုကားလမ်းပိုင်းကိုသာ ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး အင်းတော်၊ ဗန်းမောက်ဘက်ကိုသွားသည့် ထီးချိုင့်လမ်းပိုင်းကိုမူ ဆက်လက်ပိတ်ထားမည်ဖြစ်သည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ယခုလိုဆိုသည်။

“ရွှေဘိုလမ်းပိုင်းပေါ့နော်။ လောလောဆယ်တော့ ဖွင့်ထားပေးတယ်ဗျ။ ထီးချိုင့်လမ်းတော့ မဖွင့်ပေးသေးဘူး။ ဒါကလည်း ဘာကြောင့်မဖွင့်လဲဆိုတာ အားလုံးလည်း သတင်းတွေကြားမှာပဲလေနော့်။ အဓိကတော့ စစ်ရေးပေါ့။ အခုဖွင့်ထားပေးတဲ့လမ်းကလည်း စစ်ရေးနေအထားအရ လိုအပ်ရင်တော့ ထပ်ပိတ်ဖို့ပြောထားတယ်ဗျ” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်တိုင်းအတွင်း ဖြတ်သန်းသွားရသည့် ရွှေဘိုလမ်းပိုင်းများကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းကြောင့် မြစ်ကြီးနား - မန္တလေး- ရန်ကုန် ခရီးစဉ်များ ယနေ့တွင် ပြန်လည်ပြေးဆွဲသွားမှာဖြစ် ကြောင်း မြစ်ကြီးနားကားဂိတ်မှ ခရီးသည်တင်ယာဥ်လိုင်း ဂိတ်မှူးတဦးက အတည်ပြုထားသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့် လမ်းပိုင်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး တပတ်အကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနား - မန္တလေးကားလမ်းပိတ်ထားသောကြောင့်  ကချင်ပြည်နယ်အတွင်းက မြို့ကြီးအချို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အချို့စားသောက်ကုန်များကိုပင် အကန့်အသတ်ဖြင့်သာရောင်းချပေးနေခဲ့ရသည်။

အင်းတော် - ထီးချိုင့် - တကောင်း လမ်းပိုင်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ရေးအရ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ကြေညာခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly