မယ်စဲ့မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ၂၀ ဦး သေဆုံး အရှင်ဖမ်းမိသူရှိ

By ဂျူချန်း(မဇ္ဈိမ)
29 November 2023
မယ်စဲ့မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ၂၀ ဦး သေဆုံး အရှင်ဖမ်းမိသူရှိ
ဓါတ်ပုံ-KnIC

ကရင်နီပြည်၊ မယ်စဲ့မြို့မှ ဖားဆောင်းမြို့ဘက်သို့ တပ်ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးကာ တဦး အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ကရင်နီသတင်းအချက်အလက်စင်တာ (KnIC) က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နယ်တွင်းရှိ တပ်မ(၅၅) နှင့် တပ်မ(၆၆) မှ စစ်ကောင်စီတပ်သားများသည် လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့သို့ တပ်ပြန်ဆုတ်လာခြင်းဖြစ်ပြီး KA၊ ကလလတ၊ KNDF နှင့် PDF ပူးပေါင်းတပ်များမှ နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မယ်စဲ့မှာတော့ စစ်တပ်လုံးဝမကျန်တော့ပါဘူး။ စစ်ကောင်စီတပ်က လုံးဝ ထွက်ခွာသွားပြီဖြစ်ပါတယ်။ လက်ရှိ မယ်စဲ့မှာ တိုက်ပွဲမရှိတော့ဘူးလို့ ပြောလို့ရပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မယ်စဲ့မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်ရှိ မယ်စဲ့မြို့တွင် စစ်ကောင်စီတပ်သားများ မရှိတော့ဘဲ မယ်စဲ့မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ လုံးဝထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း မယ်စဲ့မြို့နယ်၊ ပန်တိန်းဒေသရှိ စစ်ကောင်စီတပ်၏ BGF ကာကင်းကုန်းစခန်း သုံးခုကို ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း KnIC မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly