အိန္ဒိယ ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေသည့် အလုပ်သမား ၄၁ ဦးစလုံးကို ကယ်ထုတ်ပေးနိုင်

အိန္ဒိယ ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေသည့် အလုပ်သမား ၄၁ ဦးစလုံးကို ကယ်ထုတ်ပေးနိုင်
Photo-AFP

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းဒေသရှိ ပြိုကျထားသည့် အဝေးပြေးလမ်း ဥမင်လိုဏ်ခေါင်းတခုထဲ၌ ၁၇ ရက်ကြာ ပိတ်မိနေခဲ့သည့် အလုပ်သမား ၄၁ ဦးစလုံးကို နိုဝင်ဘာ ၂၈ ရက်တွင် ကယ်ဆယ်ရေးသမားများက ဘေးကင်းစွာ ကယ်ထုတ်ပေးနိုင်ခဲ့ပြီးနောက် အဆိုပါ ဘေးကင်းလွတ်မြောက်လာသည့် အလုပ်သမားများကို ပန်းကုံးများ စွပ်ပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

၅၇ မီတာ (၁၈၇ ပေ) ရှိ သံမဏိပိုက်မှတဆင့် ကယ်ထုတ်ခံရပြီးနောက် အားပါးတရ ပြုံးရွှင်နေကြသည့် အမျိုးသားများသည် သူရဲကောင်းများသဖွယ် ကြိုဆိုခြင်းခံရပြီး ၎င်းတို့ကို သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူများနှင့် မိသားစုများက ပွေ့ဖက်ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံမြောက်ပိုင်း ဥထရာခန်းပြည်နယ်ရှိ ဆောက်လုပ်ဆဲ ဥမင်လိုဏ်ခေါင်းတခု နိုဝင်ဘာ ၁၂ ရက်က တစိတ်တပိုင်း ပြိုကျသွားပြီးကတည်းက ပိတ်မိသွားခဲ့ကြသည့် အလုပ်သမားများအားလုံးကို ဥမင်လိုဏ်အတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ပြီ ဆိုသည့် သတင်း ပျံ့နှံ့သွားခြင်းနှင့်အတူ “ဟေး၊ မာတာ၊ အိန္ဒိယ” ဟု ဥမင်လိုဏ်အပြင်ဘက်ရှိ လူအုပ်က ကြွေးကြော်ခဲ့ကြသည်။

ခက်ခဲကြမ်းတမ်းသော ဟိမဝန္တာ မြေပြင်အနေအထားတွင် လုပ်ဆောင်ခဲ့ရသည်ဟု အစိုးရက ပြောသည့် ကယ်ဆယ်ရေး လုပ်ဆောင်မှုတခုအတွင်း လွန်တူးသည့် စက်ယန္တရားများ မကြာခဏ စက်ချို့ယွင်းမှု၊ အပျက်အစီးများ ပြိုကျမှုတို့ကြောင့် ဤမတိုင်မီက ပိတ်မိနေသည့် အမျိုးသားများဆီ ရောက်ရှိရေး မျှော်လင့်ချက်များ မကြာခဏဆိုသလို ရိုက်ခတ်ခံခဲ့ရပြီးနောက် ယခုအခါ ဥမင်လိုဏ်အပြင်ဘက်ရှိ ဆွေမျိုးများ ဝမ်းပန်းတသာ အောင်ပွဲခံနိုင်ခဲ့ကြပြီဖြစ်သည်။

“သူတို့ကို ကယ်ထုတ်ဖို့ အပြင်းအထန် အလုပ်လုပ်ခဲ့ကြတဲ့ ကယ်ဆယ်ရေးသမားတွေကိုရော၊ ဘုရားသခင်ကိုရော ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု ဥမင်လိုဏ်အတွင်း ပိတ်မိခဲ့သော အလုပ်သမားတဦးဖြစ်သည့် ဆာဘာ အာမက်၏ အကိုဖြစ်သူ နေယာ အာမက်က အေအက်ဖ်ပီကို ပြောသည်။

“ကျွန်မတို့ တအား ပျော်မိပါတယ်။ ဒါကို ရှင်းပြနိုင်မယ့် စကားလုံးတောင် မရှိဘူး” ဟု ပိတ်မိခဲ့သည့် အလုပ်သမားတဦးဖြစ်သည့် ဆာဘာ အာမက်၏ ဇနီး မွတ်ဆရတ် ဂျဟန်က ဘီဟာပြည်နယ်မှနေပြီး အေအက်ဖ်ပီကို ဖုန်းဖြင့် ပြောသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ သတင်းကို အရူးအမူး စောင့်ဆိုင်းနေခဲ့ရသူလည်း ဖြစ်သည်။

“ကျွန်မ ခင်ပွန်းဖြစ်သူ ဘဝသစ်တခုကို ဖြတ်သန်းခဲ့ရသလို ကျွန်မတို့လည်း ဘဝသစ်တခုကို ဖြတ်သန်းခဲ့ရတယ်။ ဒါကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required