လောက်ကိုင်တွင် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအား စစ်ကောင်စီတပ် ပစ်ခတ်

By ရွှေနွယ်(မဇ္ဈိမ)
23 November 2023
လောက်ကိုင်တွင် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအား စစ်ကောင်စီတပ် ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှ နေရပ်ပြန်ကြသော ရွှေ့ပြောင်းလုပ်သားများ ယမန် နေ့ နိုဝင်ဘာ ၂၂ ရက်က မြို့အထွက်ရှိ တဆယ်တန်ဂိတ်အရောက်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက မဇ္ဈိမ ကို ပြောသည်။

လောက်ကိုင်မြို့တွင် လုပ်ငန်းများရပ်ဆိုင်းထားပြီး ကုန်စျေးနှုန်းကြီးမြင့်နေမှုများကြောင့် ရပ်တည်ရန် ခက်ခဲလာသူများ နေရပ်ပြန်ရန် ကြိုးပမ်းနေကြခြင်းဖြစ်ပြီး ယမန်နေ့က လောက်ကိုင်မှ ချင်းရွှေဟော်သို့ သွားရာလမ်းရှိ တဆယ်တန်ဂိတ်အနီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကားများအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

တဆယ်တန်ဂိတ်အနီးရှိ စစ်ကောင်စီတပ်ဂိတ်က နေရပ်ပြန်သူများအား လမ်းလွှဲတခုမှ သွားစေခဲ့ပြီး အဆို ပါလမ်းလွှဲတနေရာတွင် စစ်ကောင်စီတပ်သားများက ကားများအားပစ်ခတ်ခြင်း၊ အဖိုးတန်ပစ္စည်းများနှင့် ဖုန်းများအားယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူ အမျိုးသမီးကပြော သည်။

“လောက်ကိုင်အထွက်က တစ်ဆယ်တန်ဂိတ်မရောက်ခင်နားမှာ တိုက်ပွဲဖြစ်နေတယ်တဲ့။ အဲဒီနားမှာ စစ်တပ် တခုရှိတယ်။ သူတို့လမ်းကြောင်းပေးတဲ့အတိုင်း သွားရတယ်။ အဲဒီမှာ သူတို့လူ ၁၅ ယောက်၊ အယောက်  ၂၀ လောက်ရှိမယ်။ ဟိုဘက်(MNDAA)က မပစ်ဘူး။ အဲဒါကို သူတို့တွေက ရမ်းပစ်တယ်။ ပြည်သူတွေက ကြောက်လို့ ထွက်ပြေးကြတယ်။ အဲဒီမှာ ကားပေါ်ပါလာတဲ့ ဖုန်းတွေ၊ အိတ်တွေ အကုန်ယူ ထားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူအမျိုးသမီးက ပြောသည်။

ယင်းနောက်တွင် အဆိုပါ နေရပ်ပြန်သူများနှင့် ကားများအား လောက်ကိုင်ဘက်သို့ပြန်စေပြီး ကားများ လှည့်ပြန်ချိန်တွင် ထပ်မံပစ်ခတ်ခဲ့သည်ဟု အဆိုပါအမျိုးသမီးက ဆက်လက်ပြောကြားသည်။

“လောက်ကိုင်ဘက် ပြန်တဲ့ကားတစီးကို နောက်ကနေ လှမ်းပစ်တာ။ ကားကအရှိန်မြှင့်ထားလို့ မမှန်တာ ပေါ့။ ကိုးကန့်ဘက်က ပစ်စရာအကြောင်းမရှိဘူး။ သူတို့ကသာ ပြည်သူတွေနားနေပြီး သိသိကြီးနဲ့ နောက် ကနေပစ်တာ။ အဲဒီမှာ သေတဲ့လူတွေလည်း ရှိတယ်။ ကျွန်မတို့ကားမှာလည်း အကိုတယောက်ဒဏ်ရာ ရတယ်" ဟု အဆိုပါ အမျိုးသမီးကပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုတွင် နေရပ်ပြန်သူများ၏ ကားများပေါ် ကျရောက်ပေါက် ကွဲသောကြောင့် သေဆုံးသူများပြားကြောင်း သိရသည်။

“ကိုးကန့်လောက်ကိုင်၊ တုန်ချိန်ဒေသသို့မောင်းနှင်းလာသော ဒုက္ခသည်ယာဉ်တစ်စီးသည် စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိ မှန်ပြီး ပေါက်ကွဲမှုကြောင့် ကားပေါ်ရှိ ဒုက္ခသည်အားလုံးသေဆုံးခဲ့ သည်ဟု သိရပါသည်။ သေဆုံးသူမှာ အနည်းဆုံး ၁၄ ဦးရှိပါသည်” ဟု MNDAA က ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုသို့ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏စစ်ဝတ်စုံတွင် တပ်မ(၅၅)အမှတ်တံဆိပ်ကိုမြင်တွေ့ရ ကြောင်းလည်း ကြုံတွေ့ခဲ့သူမှ ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ပါစင်ကျော်ဘက် သို့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ပါစင်ကျော်အနီး ပိတ်မိနေကြသည့် နေရပ်ပြန်များ၏ ယာဉ်တန်းပေါ်သို့ ကျရောက်ပေါက်ကွဲသောကြောင့် အများအပြားသေဆုံးခဲ့ရသေးသည်။ အဆိုပါ ဖြစ်စဉ် တွင် သေဆုံးဒဏ်ရာရသူအရေအတွက် အတိအကျကို ယနေ့ထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် ချင်းရွှေဟော်မြို့မှ လောက်ကိုင်မြို့နှင့်လေးမိုင်သာကွာဝေးသည့် ပါစင်ကျော်ဒေသအထိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

လောက်ကိုင်မြို့ကို မကြာမီဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်၍ တပ်ဖွဲ့ဝင်များနှင့်တကွ မြို့အတွင်းရှိ တရုတ်လူမျိုးများ၊ အရပ်သားများသို့ အသိပေးစာများ ထုတ်ပြန်ထားခဲ့သည်။

လောက်ကိုင်မြို့အတွင်းကျန်ရှိနေသူများတွင် နေရပ်ပြန်လိုသူ အများအပြားရှိနေသော်လည်း ယခုကဲ့သို့ စစ်ကောင်စီတပ်ကပစ်ခတ်နေမှုများနှင့် ပြင်းထန်နေသော တိုက်ပွဲအခြေအနေများကြောင့် မပြန်ရဲကြဘဲ မြို့တွင်း၌သာ ပိတ်မိနေကြသည်ဟု ဒေသခံများထံမှသိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required