ပေါက်တောတွင်အရပ်သား ၃၀ ဝန်းကျင်ပိတ်မိ ၊ ပုတ်ပွသေဆုံးသူ တချို့ရှိ

By ဓါတု(မဇ္ဈိမ)
26 November 2023
ပေါက်တောတွင်အရပ်သား ၃၀ ဝန်းကျင်ပိတ်မိ ၊ ပုတ်ပွသေဆုံးသူ တချို့ရှိ
ပုံအညွှန်း-နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီ၏ဓါးစာခံပြုလုပ်ခံရသောပြည်သူများအားရက္ခိုင့်တပ်တော်(AA)မှကယ်ထုတ်နေပုံ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့၌  အရပ်သား ၃၀ ဝန်းကျင်သည် နေအိမ်များအတွင်း ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့အနက် တချို့မှာ သေဆုံးပြီးနောက် မြုပ်နှံပေးသူမရှိ၍ နေအိမ်တွင်ပင် ပုတ်ပွကာ အနံများ ထွက်နေပြီဖြစ်ကြောင်း ပေါက်တောမြို့လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတဦးကမဇ္စျိမကိုပြောသည်။

လက်ရှိတွင်  ထိုသို့ သေဆုံးသူ  အိမ်တအိမ်တွင် သုံးဦးတွေ့ရှိရပြီး အခြားတအိမ်တွင် တဦး တွေ့ရှိရ၍ စုစုပေါင်းလေးဦးရှိသည်ဟု သိရပြီး လက်တွေ့တွင် ထို့ထက်ပိုများနိုင်ကြောင်း ၎င်းကဆိုသည်။

" ပိတ်မိတဲ့အထဲ အသက်အရွယ်ကြီးတော့ မစားနိုင်၊ မသောက်နိုင်ဘဲ အိပ်ယာထဲဘုန်းဘုန်းလှဲနေတဲ့သူတွေ ကျန်ခဲ့သေးတယ်။ တချို့က အိမ်ရှေ့မှာ သေပြီးပုပ်သိုးဆွေးမြေ့နေတာ။ ကျွန်တော်တို့ဆီဒေသခံတွေထဲ မနေ့ကတယောက် ဖုန်းဆက်တာ ။ အဲ့ဒီတအိမ်မှာ ခြေထောက်ကျိူးနေတဲ့သူရယ်၊ လေဖြန်းနေတဲ့သူရယ် သေနေတာ။ အဘိုး၊ အဘွားတွေ သေနေတာလည်း တွေ့ရတယ်။  အနံ့ထွက်လို့ဝင်ကြည့်တာ အစာရေစာပြတ်လို့သေတာ နှစ်အိမ်လောက် တွေ့တယ်တဲ့"ဟု ၎င်းကပြောသည်။

ပိတ်မိသည့် လူဦးရေစာရင်းသည် အကူညီတောင်းသည့် ဒေသခံများဘက်မှ ကူညီပေးရန် ဆက်သွယ်လာသည့်စာရင်းဖြစ်ပြီး လက်ရှိတွင်   အရေအတွက် ပိုများနိုင်ကြောင်း ၎င်းကဆိုသည်။

"အစာငတ်ပြီးသေဆုံးတာမြို့ထဲမှာ သက်ကြီးရွယ်အိုတွေရှိတယ်။ မြို့အနားကပ်ရင်တောင် အိမ်ထဲက အပုပ်နံ့တ အားနံတယ်လို့ အဲ့ဒီကအသိတွေကနေ တဆင့်ကြားတယ်"ဟုစစ်ဘေးရှောင်နေသည့်ပေါက်တောမြို့ခံတဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသော လူပေါင်း ၁၈၀ ကျော်အနက် ၁၂၀ ဦးအား  နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၃ ရက်တွင် အရပ်သား  ၁၀၄ ဦးအား ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊

အဆိုပါ ပေါက်တောမြို့တွင် ပိတ်မိနေသည့် သက်ကြီးရွယ်အိုတချို့ကို AA က ကယ်ထုတ်နေသော်လည်း နေရာအများစု၌ သတင်းမရရှိသဖြင့်  နေအိမ်တွင် ပိတ်မိနေသည့် အရပ်သားများစွာရှိနေသေးကြောင်းပေါက်တောမြို့ခံများက ဆိုသည်။

မောင်တောနှင့် ရသေ့တောင် အပါအဝင် ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်အကြားစစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်၏ ရေတပ်မှ နေ့စဥ်အဆက်မပြတ်ပစ်ခတ်သည့်လက်နက်ကြီးများကြောင့်  နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၅ ရက်တွင် ပေါက်တောမြို့အတွင်းရှိအရပ်သားနေအိမ်များအပါအဝင် မြို့မစျေးတန်းတွင် မီးလောင်ကျွမ်းခဲ့ကြာင်း မြို့ခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly