ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၃၂ ဦး လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အဆောင်မှပါနှင်ထုတ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 November 2023
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၃၂ ဦး လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အဆောင်မှပါနှင်ထုတ်

ထိုင်းနိုင်ငံ၊ မင်ဘူလီမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ဦးမှာ လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အလုပ်သမားတန်းလျား(အဆောင်)မှပါ နှင်ထုတ်သဖြင့် အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် မင်ဘူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ဆင်း ထားသော်လည်း အလုပ်ရှင်သူဌေးက လုပ်အားခ ဘတ် ၄၀၀,၀၀၀ ကျော်ကို ရှင်းမပေးသည့်အတွက် အလုပ်မဆင်းဘဲ စောင့်ဆိုင်းနေရကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ ဒီကို စက်တင်ဘာလ ၂၆ ရက်နေ့ကစရောက်တာပါ၊ အလုပ်စဝင်တဲ့ အချိန်ကစပြီး အခုချိန် ထိ သူဌေးက လုပ်ခလစာမပေးတဲ့ ပြဿနာနဲ့ကြုံနေရတယ်”ဟု အလုပ်သမားတဦးဖြစ်သော ကိုသိန်းထွဋ် ဦးကပြောသည်။

“အခုဆိုရင် သူဌေးက လုပ်အားခမပေးတဲ့အပြင် အလုပ်သမားတန်းလျားကပါ နှင်ထုတ်နေလို့ အတော် လေးကို အခက်ကြုံနေရတယ်”ဟု အခြား အလုပ်သမားတဦးကလည်း ပြောသည်။

အဆိုပါအလုပ်သမား ၃၂ ဦးမှာ ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး ဖိချဘွန်းမြို့မှ ကြက်သား စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ရောက်ရှိလာခြင်းဖြစ်သော်လည်း အဆိုပါစက်ရုံ၌ အလုပ်မရသည့် အတွက် ပွဲစားဖြစ်သူက လက်ရှိမင်ဘူလီမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းတွင် စမတ်ကြေး(ပွဲခ) ဘတ် ၂၀၀,၀၀၀ ဖြင့် အလုပ်သွင်းပေးခဲ့ခြင်းကြောင်း အလုပ်သမားများက ပြောသည်။

အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သည် Name list  ခေါ် ပန်းရောင်ကတ်လျှောက် ထားရန် ကနဦးရသည့်စာရွက်ကိုင်ဆောင်ထားသူများဖြစ်ပြီး လုပ်အားခမရရှိမှုအပေါ် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)ထံ အကူညီတောင်းခံထားကြောင်း ၎င်းတို့က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ သို့ လာရောက် အလုပ် လုပ်ကိုင်သူ အများအပြားရှိနေပြီး အလုပ်မရခြင်း၊ လုပ်ခလစာမရခြင်းနှင့် အလုပ် သမားအခွင့်ရေးများ ချိုးဖောက်ခံနေရမှုများ မကြာခဏဖြစ်ပွားနေကြောင်း အလုပ်သမားအရေး ကူညီပေး နေသူများက ပြောသည်။

စာတည်း။    ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required