လောက်ကိုင်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို ယနေ့ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

By ဘန်ကောက်ပို့စ်
16 November 2023
လောက်ကိုင်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို ယနေ့ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
ဓာတ်ပုံ CJ

မြန်မာနိုင်ငံ ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့သည့် ထိုင်းနိုင်ငံသားများအနက် ပထမအသုတ်ဖြစ်သည့် ၄၁ ဦးကို အစောဆုံးအဖြစ် ယနေ့နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာဘက်မှ ထိုင်းဘက်သို့ ပြန်ပို့လိမ့်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနသည် နိုဝင်ဘာ ၁၆ ရက် သို့မဟုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ တာချီလိတ် နယ်စပ်မြို့မှ ထိုင်းနိုင်ငံသား ၄၁ ဦးကို နေရပ်ပြန်ခေါ်ရန် စီစဉ်လျက် ရှိသည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ဆန် ဖရန်စစ္စကို ခရီးစဉ်တခုအတွင်း သတင်းထောက်များကို ပြောသည်။

ပိတ်မိနေသည့် ထိုင်း ၄၁ ဦးကို ကျိုင်းတုံသို့ ကူညီ ပို့ဆောင်ပေးရန် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်စပ် ကော်မတီ (TBC) မှတဆင့် ထိုင်းစစ်တပ်က ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝတ်ချရွန်ခ်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသား ၄၁ ဦးသည် လူကုန်ကူးဂိုဏ်းအဖွဲ့များ၏ သားကောင် ဖြစ်ခဲ့ရသူများ သို့မဟုတ် တရားမဝင် call centres များတွင် အလုပ်လုပ်စေရန် စည်းရုံးသိမ်းသွင်းခံရသူများအဖြစ် တွေ့ရှိပြီးနောက် မြန်မာတာဝန်ရှိသူများက မကြာသေးခင်က ကယ်တင်ပေးခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၆၄ ဦးထဲတွင် ပါဝင်သည်။

အခြားသော ထိုင်းနိုင်ငံသား ၆၀ ဦးသည်လည်း မိခင်နိုင်ငံသို့ ပြန်ရန်အလို့ငှာ ဒေသအာဏာပိုင်များ၏ ကူညီ ခေါ်ဆောင်ပေးမှုကို စောင့်ဆိုင်းလျက် ရှိသည်။

မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံသား ၄၁ ဦးကို နိုဝင်ဘာ ၁၆ သို့မဟုတ် ၁၇ ရက်တွင် တာချီလိတ်မြို့သို့ ပို့ဆောင်လိမ့်မည်ဟု မစ္စတာ ချိုင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ယင်းနောက် TBC ၏ ထိုင်းအဖွဲ့က ၎င်းတို့ကို ချင်းရိုင်ခရိုင် မယ်ဆိုင် နယ်စပ်ဒေသမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လိမ့်မည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required