ပါစင်ကျော်ရွာရှိ အမှတ်(၁၂၈)ခြေမြန်တပ်ရင်းနှင့် နေရာအားလုံးကို သိမ်းပိုက်နိုင်ဟု MNDAA ပြော

By ရွှေနွယ်( မဇ္ဈိမ )
14 November 2023
ပါစင်ကျော်ရွာရှိ အမှတ်(၁၂၈)ခြေမြန်တပ်ရင်းနှင့် နေရာအားလုံးကို သိမ်းပိုက်နိုင်ဟု MNDAA ပြော
ဓာတ်ပုံ − The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈)ခြေမြန်တပ်ရင်းနှင့် နေရာအားလုံးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပါစင်ကျော်ကို ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်နိုင်ခဲ့ပြီဗျ။ ချင်းရွှေဟော် ကနေ ပါစင်ကျော်အထိပါ” ဟု MNDAA ပြောခွင့်ရသူ လီကျားဝင်းက ပြောသည်။

နိုဝင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ လေးရက်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီဗျူဟာကုန်း၏ အနောက်ဘက်တောင်ကုန်းစခန်း၊ ဟဲ့ဟုတ်တောင်စခန်းနှင့် တွဲဖက်စခန်းများ၊ မင်ရွှဲချမ်းအိမ်၏ အနောက် ဘက်တောင်ကုန်းစခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ပြီး  နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄နာရီ ၅၀ ခန့်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၁၂၈)  ဗျူဟာကုန်းကို အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပါစင်ကျော်ကျေးရွာသည် ချင်းရွှေဟော်−လောက်ကိုင်လမ်းမပေါ်တွင်တည်ရှိပြီး ချင်းရွှေဟော်မြို့ မှ (၁၂)မိုင်ခန့်နှင့် လောက်ကိုင်မြို့မှ လေးမိုင်ခန့်အကွာတွင်တည်ရှိသည်ဟု သိရသည်။

MNDAA နှင့် မဟာမိတ်တပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင် မြို့ရှိရာဘက်သို့ တဆင့်ပြီးတဆင့် ချီတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ပါစင်ကျော်ကျေးရွာတည်ရှိ ရာတုန်းရှမ်းဒေသ စစ်ကောင်စီတပ်စခန်းများကို တခုပြီးတခုသိမ်းယူခဲ့ပြီး ပါစင်ကျော်ကျေးရွာအထိ ဆက် လက်ချီတက်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီပါစင်ကျော်ဒေသတခုလုံးကို ထိန်းချုပ်ထားနိုင်ပြီ။ ရဲစခန်းနဲ့ ပြည်သူ့စစ်တွေလည်း ပြေးတဲ့သူကပြေး သေတဲ့သူကသေ ဒီလိုမျိုးတော့ရှိပါတယ်” ဟု လီကျားဝင်းက ပြောသည်။

လောက်ကိုင်မြို့သည် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအုပ်ချုပ်ရေးအဖွဲ့ ရုံး ထိုင်ရာမြို့ဖြစ်ပြီး တရုတ်−မြန်မာနယ်စပ်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ ကြီးစိုးရာဒေသလည်းဖြစ်သည်။

အဆိုပါ လောက်ကိုင်မြို့သည် စစ်ဆင်ရေး ၁၀၂၇ ၏ အဓိက ပစ်မှတ်ထားရာ မြို့တခုဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ချိန်မှ နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ၁၈ ရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး၊ တပ်စခန်းငယ် စုစုပေါင်း ၁၄၁ ခုကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုးနှင့် နမ့်ခမ်းမြို့တို့ သည် လက်ရှိ တွင် ညီနောင်မဟာမိတ်တို့၏ ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်လျက်ရှိပြီဖြစ်သည်။

စာတည်း။          ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly