မင်းကွန်း သစ်တောရုံးတွင် PDF အလံလွှင့်ထူထား

By 007(မဇ္စျိမ)
26 November 2023
မင်းကွန်း သစ်တောရုံးတွင် PDF အလံလွှင့်ထူထား
ဓာတ်ပုံ _  မင်းကွန်းတိုက်နယ်သတင်းမှန်ပြန်ကြားရေး

မင်းကွန်းမြို့ရှိ စစ်ကောင်စီ၏ သစ်တောရုံး၀င်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံ ယနေ့ နိုဝင်ဘာလ ၂၆ ရက်တွင် လွှင့်တင်ထားကြောင်း  ဒေသခံများထံက သိရသည်။

“အလံတိုင်နှစ်တိုင်ရှိတာ နှစ်တိုင်စလုံးမှာ PDF အလံတွေလွှင့်ထားတာတွေ့ခဲ့ရတယ်” ဟု လုံခြုံရေးအရအမည် မဖော်ပြလိုသည့်ဒေသခံတဦးကပြောသည်။

ထိုရုံးရှိ  အလံတိုင်နှစ်တိုင်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံလွှင့် တင်ထားခြင်းဖြစ်ပြီး မည်သည့်အချိန်ကလွှင့်တင်သွားသည်ကိုတော့ မသိကြကြောင်း ဒေသခံများက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မည့်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို  မဇ္စျိမအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။  

ဒေသ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကလည်း စစ်ရေးကိစ္စဖြစ်သဖြင့် မပြောနိုင် သေးကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါသစ်တောရုံးသည် မင်းကွန်းနယ်မြေရဲစခန်းနှင့် တမိုင်ခန့်သာကွာဝေးကြောင်းသိရသည်။ ပြီးခဲ့သည့် နို၀င်ဘာလ ၁၅ ရက်နေ့က အဆိုပါ ရဲစခန်းအနီးနေထိုင်သူများကို တိုက်ပွဲများဖြစ်လာနိုင်သဖြင့် အမြန်ဆုံးပြောင်းရွှေ့ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

မင်းကွန်းနယ်မြေရဲစခန်းကို သိမ်းပိုက်၍ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်များတွင်ဖော်ပြထားသည်။

လက်ရှိတွင်  မင်းကွန်းမြို့နှင့် ၁၆ မိုင်ခန့်သာကွာဝေးသည့် စစ်ကိုင်းမြို့  ညနေ ၆ နာရီခွဲကျော်လျှင် အိမ်အပြင်ထွက်သူမရှိတော့ကြောင်းလည်း ဒေသခံများ အပြောအရ သိရသည်။

“မြို့ကခြောက်ကပ်သွားတယ်။ ညနေ နေ၀င်ပြီးတာနဲ့ လူအသွားအလာမရှိသလောက်ပါပဲ။ အချိန်မရွေး တိုက်ပွဲ တွေထဖြစ်နိုင်တယ်ဆိုပြီး ကလေးတွေကိုလည်းကျောင်းမပို့ရဲကြတော့ဘူး” ဟု အမည်မဖော်လိုသူ စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ်ကပြောသည်။

စစ်ကိုင်းမြို့တွင် နို၀င်ဘာလ ၂၃ ရက်နေ့ညက ခရိုင်စိုက်ပျိုးရေးရုံး၀င်းအတွင်းရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာ ၀န်ထမ်းများအစည်းအဝေးပြုလုပ်ရာခန်းမကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု(PAFD People’s Army to Fight Dictatorship)က မီး၀င်ရှို့ကာမိုင်းဖြင့်လည်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly