ဘားအံ သံလွင်တံတားတွင် စစ်ကောင်စီတပ်က ဥပဒေမဲ့ စစ်ဆေးခြင်းနှင့် ခရီးသွားများထံမှ ငွေတောင်းမှု ပိုဆိုးလာ

By YT(မဇ္ဈိမ)
16 November 2023
ဘားအံ သံလွင်တံတားတွင် စစ်ကောင်စီတပ်က ဥပဒေမဲ့ စစ်ဆေးခြင်းနှင့် ခရီးသွားများထံမှ ငွေတောင်းမှု ပိုဆိုးလာ
ပုံအညွှန်း- သံလွင်တံတား (ဘားအံ) (ဓါတ်ပုံ- လူမှုကွန်ယက် (ပုံဟောင်း))

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အဝင်ရှိ သံလွင်တံတား (ဘားအံ) ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ခရီးသွားများအား ဥပဒေမဲ့ စစ်ဆေးမှုများအပြင် ငွေကြေးတောင်းခံမှုများပါ ယခင်ကထက်  ပြုလုပ်နေကြောင်း ‌ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။

သထုံ- ဘားအံကြားရှိ သံလွင်တံတားပေါ်တွင် စစ်ကောင်စီတပ်​​၏ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ရှိပြီး အဆိုပါဂိတ်သည် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား  လုံခြုံရေးအကြောင်းပြပြီး  စစ်ဆေးနေသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ဘားအံဂိတ်ကို ဖြတ်တဲ့အခါကျတော့ အရင်ကဆို ကျွန်တော်တို့ကို မှတ်ပုံတင်ပဲ စစ်တာပေါ့လေ။  အခုကကျတော့ မှတ်ပုံတင်လည်းစစ်တယ်။အလုပ်အကိုင်တွေ မေးတယ်။ ပြီးတော့ ကျွန်တော်တို့ လွယ်ထားတဲ့အိတ်ကိုပါ စစ်တယ်။ ကျွန်တော့်မှာ အမှတ်တရ သိမ်းထားတဲ့ ဘတ်ငွေတရွက် ကိုတွေ့တော့ရစ်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဓိကကတော့ သူတို့က ပိုက်ဆံလိုချင်တာပါပဲ။ ဒီခရီးသွားတွေဆီကနေ အနည်းဆုံး ၅,၀၀၀၊ ၁၀,၀၀၀။ ရစ်လို့ရတဲ့သူဆိုရင် အဲ့ဒီထက်မက တောင်းတာပေါ့"ဟု သံလွင်တံတားအား ယခုရက်ပိုင်းဖြတ်သန်းစဉ်  ပိုက်ဆံတောင်းခံခြင်း ခံခဲ့ရသည့် လူငယ်တဦးက မဇ္ဈိမကိုပြောသည်။

အလားတူပင် ခရီးသွားသည့် လူငယ်တဦးသည်  အပျော်တမ်းကင်မရာဖြင့် ရှုခင်းပုံများ ရိုက်ကူးရာတွင် ဓါတ်ပုံ၌ စစ်ကောင်စီဘန်ကာတခုကို မတော်တဆ ရိုက်ကူးမိသွားသည်ကို  စစ်ဆေးတွေ့ရှိသွားရာ အတင်းအကျပ်ငွေတောင်းပြီးမှ ခရီးဆက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင်  အဆိုပါ ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ကရင်နီပြည်နယ်၊ချင်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူများအား စစ်ဆေးမှု ပိုမိုတင်းကျပ်ကြောင်း သိရသည်။

" သံလွင်ဂိတ်အရောက်မှာ ကားဆရာက မှတ်ပုံတင်၊ ဖုန်းတွေယူပြီးမှ အောက်ဆင်း အစစ်ဆေးခံဖို့ပြောတယ်။ ကျွန်မတို့အစစ်ဆေးခံကြတယ်။ အားလုံးကိုတော့ စစ်တယ်။ပိုဆိုးသွားတာက ကျွန်မတို့က စစ်ကိုင်းကဖြစ်နေတော့ ပိုဆိုးသွားတယ်။ ဘယ်သွားမှာလဲကအစ သမီးရည်းစားပါလို့ပြောရင်လည်း ဘယ်တုန်းက သမီးရည်းစားဖြစ်တာလဲ။ ဘယ်မှာတွေ့ကြတာလဲဆိုတာကအစ မေးတယ်။ နောက်တခုက အဲ့ဒီမှာ ကျွန်မတို့ပိုက်ဆံပေးခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအိတ်ထဲမှာ ပတ်စ်ပို့ပါလာတာ တွေ့ပြီး ဒီပတ်စ်ပို့က ဘာလုပ်ဖို့လဲ ဘယ်သွားဖို့လဲ ဘာလုပ်ဖို့ လုပ်ထားတာလဲ အဲ့ဒီလိုအစအဆုံးမေးပြီးတော့ ငွေဆောင်ခိုင်းတယ်" ဟု ခရီးသွား အမျိုးသမီးတဦးက ပြောသည်။

အဆိုပါဂိတ်သည် တံတားလုံခြုံရေးအတွက် ယခင်ကတည်းက ဖွင့်ထားသည့် ဂိတ်ဖြစ်သည်။ စစ်တပ်က  နိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ခရီးသွားပြည်သူများအား ဥပဒေမဲ့စစ်ဆေးခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခြင်းအပြင် ခရီးသည်တင်ကားနှင့်ကုန်တင်ကားများထံမှ ငွေကြေးတောင်းခံမှုများ ဆိုးရွားစွာ ပြုလုပ်နေကြောင်း သထုံနှင့် ဘားအံမြို့ခံများကပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly