မြန်မာနိုင်ငံတွင်း လူသားစာနာအရေးပေါ်အကူအညီများ အတားအဆီးမရှိဝင်ရောက်ခွင့်ရရှိရေး ကုလတောင်းဆို

By ရွှေနွယ်(မဇ္ဈိမ)
16 November 2023
မြန်မာနိုင်ငံတွင်း လူသားစာနာအရေးပေါ်အကူအညီများ အတားအဆီးမရှိဝင်ရောက်ခွင့်ရရှိရေး ကုလတောင်းဆို
ပုံအညွန်း − ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်က လွိုင်ကော်မြို့၌  စစ်ကောင်စီလေကြောင်းတိုက်ခိုက်‌နေချိန် ပုန်းရှောင်နေသည့် ဒေသခံများ

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၌ ပိုဆိုးလာသည့် ပဋိပက္ခများအတွင်း လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီများနှင့် မဖြစ်မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးလမ်းကြောင်းအားလုံး အတားအဆီးမရှိဝင်ရောက်သွားလာခွင့်ရရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင်ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်အတွင်း ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း၊ပဋိပက္ခများအတွင်း သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ရန် တောင်းဆိုထားသည်။

"နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ပြီး ထိုဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်ရမည်" ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ထပ်လောင်းအတည်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ဆက်လက်၍လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း  အသိပေးထားသည်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့်နိုင်ငံတဝှမ်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရန် မြန်မာစစ်တပ်အား တိုက်တွန်းချက်ပါဝင်သည်။

စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအများပြား၌ လူထုခုခံတော်လှန်စစ်များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းတွင် ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများ၊ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့ရာ ဒေသအများအပြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

ချင်းပြည်နယ်တွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ အလားတူ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။ထို့ပြင်ကရင်နီပြည်နယ်တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ၁၁၁၁ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှု အရှိန်မြင့်နေသည်။ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်မည်ဖြစ်၍ လူထုအနေဖြင့် ဘေးကင်းရာတို့ ရွှေ့ပြောင်းနေထိုင်ကြရန် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်လည်း နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲများပြင်းထန်လျက်ရှိသည်။တိုက်ပွဲများပြင်းထန်လာခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ထွက်သွားလာရာလမ်းများအပြင် ပြည်နယ်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းများကိုပါ ပိတ်ဆို့ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

"ကုန်စည် စီးဆင်းမှုလမ်းကြောင်းကတော့ပြတ်တောက်နေတယ်။ ကုန်စည်နဲ့ပတ်သက်ပြီးလည်း အစားအစာစျေးနှုန်းတွေ အရမ်းကမောက်ကမဖြစ်နေတယ်လို့ကျွန်တော်တို့သိရတယ်။ အဲ့တော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ကိစ္စတွေကို အမြန်ဆုံးလမ်းဖွင့်ပေးသင့်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်ပါတယ်" ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း  ခရီးသွားအများအပြားပိတ်မိနေကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အတွင်း လတ်တ‌ လော တိုက်ပွဲများ၌  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးမှုများရှိနေပြီး အရေအတွက်အတိအကျကိုမူ အတည်ပြု၍ မရသေးပေ။ ထို့အပြင် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်‌ ရေးလမ်းပိုင်းဖြစ်သည့် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်း၊ မန္တလေး - ချင်းရွှေဟော်ပြည် ထောင်စုလမ်းလည်း ပြတ်တောက်နေပြီးအခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်နေသည်။

တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားပြီး စစ်ကောင်စီကလည်း အင်အားသုံးချေမှုန်းသွားမည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စစ်ကောင်စီ၏ ဖိနှိပ်ဖမ်းဆီးမှုများနှင့်အတူပြင်းထန်လာသည့် တိုက်ပွဲများအကြား နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အရပ်သားပြည်သူအရေအတွက်မှာ ၂,၀၀၀,၀၀၀ ကျော်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly