ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲပြင်းထန်နေ

By ဂျူချန်း (မဇ္ဈိမ)
25 July 2023
ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း မူဆယ်နှင့်ကွတ်ခိုင်ကြားရှိ နမ့်အွန်ကျေးရွာအနီးတွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေ ကြောင်း သိရသည်။

မူဆယ်နှင့် နမ့်ခမ်းအကြား စယ်လန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် TNLA တပ်မဟာ(၁)၊ တပ်ရင်း(၁၁၂)တို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူများလည်းရှိကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးမှ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ခုနစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာ အတွင်းမှ နေအိမ်လေးလုံးပျက်စီးသွားခဲ့ပြီး ဒေသခံများ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်အွန်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၂ ရက်နေ့မှစတင်ကာ နေ့စဉ် တိုက်ပွဲဖြစ် ပွားနေရာ ကွတ်ခိုင်အခြေစိုက် ခလရ(၁၂၃)မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

“ဖြစ်နေတာ သုံးရက်ရှိပြီ။ မနေ့က (ဇူလိုင် ၂၄) ည ၁၂ နာရီကျော်အထိ ပစ်နေကြတာ။ အခု ၂၅ ရက်နေ့ အထိပဲ။ ခုနကတောင် ပစ်နေကြသေးတယ်။ တဒုန်းဒုန်းနဲ့ ညကနေပစ်လိုက်တာ အခုချိန်အထိပဲ” ဟု နမ့်ဖတ်ကာကျေးရွာတွင်နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နမ့်အွန်ဈေး ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတဦးသေဆုံးခဲ့ပြီး အဆောက်အဦးပျက်စီးမှုများရှိကြောင်း ဒေသခံတဦးကလည်း ဆိုသည်။

“စျေးထဲကျတာဆိုတော့ ထိမယ်။ အတိကျမသိနိုင်သေးဘူး အခုထိပစ်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင် ၂၅ ရက်နေ့  နံနက် ၁၁ နာရီခန့်တွင်လည်း နမ့်အွန်ကျေးရွာနှင့် ကောင်းဝီကျေးရွာအနီးတွင် TNLA တပ်များရှိသည်ဟုယူဆပြီး စစ်ကောင်စီတပ်က ကောင်းဝီကျေးရွာအတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။

“အရင်က ကောင်းဝီရွာထဲကို TNLA က သွားနေကြ။ အခု ရွာထဲကိုပစ်လို့ ရွာသားတွေတော့ အကုန်ပြေး ကုန်ပြီ” ဟု ဒေသခံ ကပြောသည်။

ကောင်းဝီကျေးရွာနှင့်တဆက်တည်းဖြစ်သည့် တီးမားကျေးရွာတွင် KIA တပ်ဖွဲ့များ တပ်စွဲထားသည့်နေရာ ရှိရာ ၎င်းဒေသအနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာအနီးတဝိုက်ရှိ နမ့်အွန်း၊ ကောင်းဝီ ၊ တီးမား စသည့်ကျေးရွာ များမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မန်ဂန်ကျေးရွာအနီးတွင် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ကိုးကန့်ပြန်ကြားရေးမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မ တော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်း လားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘောတူညီချက်မျှမရဘဲ ပြီးဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly