မူဆယ်တွင် တရုတ်နှင့် နယ်စပ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊  စစ်ဘေးရှောင် ၁,၂၀၀ခန့်ရှိလာ

By မောင်ခက်နွေ (မဇ္ဈိမ) 
31 August 2023
မူဆယ်တွင် တရုတ်နှင့် နယ်စပ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊  စစ်ဘေးရှောင် ၁,၂၀၀ခန့်ရှိလာ
ပုံစာ - တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများ (Photo/HMS)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ- တရုတ်နယ်စပ်အနီးကျေးရွာများတွင်  စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA) တိုက်ပွဲဖြစ်ပွားနေပြီး  ဒေသခံ ၁,၂၀၀ခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။

မူဆယ်-နမ့်ခမ်းလမ်းမပေါ်ရှိ စယ်လန့်ရွာအနီး တရုတ်နိုင်ငံနယ်စပ်နှင့် နီးသောကျေးရွာများတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု စစ်ဘေးရှောင်များအားကူညီနေသူများကပြောသည်။တိုက်ပွဲ‌ကြောင့်စယ်လန့်ရွာ၊ ဂေါင်ရာရွာသစ်၊ မန်ကန်ရွာ၊ မိုင်းဆတ်ရွာနှင့်နမ့်ကတ်ရွာစသည့် ကျေးရွာများမှ ဒေသခံများသည်  မူဆယ်နှင့် နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဟု သိရသည်။

“အခုဟာက အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ ရမ်းသန်းမှန်းသန်း ပစ်နေတာ။ လူတွေနေတဲ့ ရွာတွေပေါ်ကျတော့ ဒုက္ခရောက်တာပေါ့ဗျာ။ ဘယ်သူမှ မနေရဲဘူး ပြေးကြရတာ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူတဦးကမဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်အချို့သည် မူဆယ်မြို့ပေါ် ဟိုနား ရပ်ကွက်၊ စွမ်စော် ရပ်ကွက်၊ တင်းလုံရပ်ကွက်၊ပန်ခမ်းရွာနှင့် နမ့်ခမ်းမြို့နယ်၊တုန်ခွမ်ရွာတို့ရှိ ဆွေမျိုးများအိမ်တွင် နေကြပြီး  အများစုမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။ ယနေ့ ဩဂုတ်လ ၃၁ရက်ညနေ စာရင်းအရ စစ်ဘေးရှောင်နေရသူ အရေအတွက်သည် ၁၂၀၀ခန့် ရှိနေပြီဟု သတင်းရရှိသည်။

" စယ်လန့် အပေါ်တောင်ကြောတခုလုံးကနေထွက်ပြေးလာကြတာ။တရုတ်နယ်စပ်နဲ့ နီးတယ်။ စယ်လန့်တောင်ပေါ်က ကြည့်ရင် တရုတ်နိုင်ငံကို လှမ်းမြင်နေရတယ်။ ဒီနေ့ ထပ်ရောက်တာနဲ့ဆို များမယ်။ အဲ့နားက ရွာတွေ အားလုံးက ရှောင်လာကြပြီ” ဟု နမ့်ခမ်းမြို့မှ ပရဟိတအရေး ဆောင်ရွက်နေသူတဦးကပြောသည်။

စစ်ကောင်စီတပ်နှင့်TNLA မြန်မာ-တရုတ်နယ်စပ်အနီး မြန်မာဘက်အခြမ်းမှ ကျေးရွာအချို့တွင်  ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။တအာင်းတပ်မတော် တပ်မဟာ(၁) တပ်ရင်း(၅၇၁)နှင့် (၁၁၂)ကစစ်ကောင်စီ၏မန်မိုင်နှင့် လွယ်ကျလော့တပ်စခန်းအား တပြိုင်နက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အသေးစိတ်မသိရှိရသေးကြောင်း TNLA က ယနေ့ဩဂုတ်လ ၃၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများ ပြင်းထန်လာပါက စစ်ဘေးရှောင်များအတွက် စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့လာနိုင်သည်ဟု ဒေသတွင်းလူမှုကူညီရေးအဖွဲ့များကပြောသည်။ လတ်တလော စစ်ဘေးရှောင်လာသူများတွင် အမျိုးသမီးများနှင့်ကလေးငယ်များ အများအပြားပါဝင်ကြောင်းသိရသည်။

ယနေ့တွင််လည်း စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပျံဝဲကာ ကင်းထောက်သွားသောကြောင့် လေကြောင်းအသုံးပြုတိုက်ခိုက်လာမည်ကို မူဆယ်နှင့် နမ့်ခမ်းဒေသခံများကစိုးရိမ်နေသည်။ မြေပြင်တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းတို့ကပြောသည်။

ဒေသတွင်းအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန်  TNLAထံ  ယနေ့ညနေတွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပေ။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly