မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

By အဂမ် (မဇ္ဈိမ)
20 October 2023
မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းပိုင်း၊ အောင်ဂျာကျေးရွာရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ပြန်ကြားရေးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို အတည်ပြုသည်။

KIA တပ်ဖွဲ့ဘက်က အဆိုပါ တပ်စခန်းနှစ်ခုကို ၁၀ နာရီထက်မနည်း ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ 

အောင်ဂျာကျေးရွာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်နှင့် တပ်စွဲအထိုင်ချထားသည့် တပ်စခန်း သုံးခုရှိပြီး ယက်းအနက် လိုင်လွမ်အောင်ဂျာတပ်စခန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှာ KIA က သိမ်းပိုက်ထားကာ ကျန်တပ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

“ဒီလမ်းပေါ်မှာ သူတို့ရဲ့တပ်စခန်းက သုံးနေရာလောက် အခိုင်အမာရှိတယ်၊ ဟိုတနေ့ကတော့ တနေရာကို သိမ်းတယ်၊ အဲ့တုန်းက သူတို့လည်းထိတယ်၊ ကျနော်တို့ဘက်လည်း ထိတယ်၊ ဒါကြောင့် နှစ်နေရာကို ဆက်မတိုက်သေးဘဲ လိုအပ်တာ ထပ်ဖြည့်တယ်။ အခု ဒီနေ့က ကျန်တဲ့ နှစ်နေရာစလုံးကို တခုပြီးတခု သိမ်းလိုက်တယ်” ဟု KIA ပြန်ကြားရေးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြားပြီး KIA တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်သူများရှိကာ အသေးစိတ် အခြေအနေများကို မသိရသေးကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲအထိုင်ချထားသည့် ခါရာတောင်၊ ဘွမ်ရဲတောင်၊ ဒေါ့ဖုန်းရန်နှင့် ဖွန်းပျံတောင် တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက‌ ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ကာ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

KIO ဌာနချုပ်တည်ရှိသည့် လိုင်ဇာမြို့အနီးက နမ်ဆန်ယန်နှင့် လိုင်လွမ့်အောင်ဂျာဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား နှစ်ဘက်စစ်ရေးတင်းမာပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

စာတည်း။    ။ နောင်နောင်

#အောင်ဂျာကျေးရွာ
#လိုင်လွမ့်အောင်ဂျာ
#KIA
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required