ဝဥစျေးနှုန်းကျဆင်းပြီး ဝယ်ယူသူမရှိ၍ ဝဥစိုက်သူများအခက်ခဲဖြစ်

By ဝါးဖောဝါသိန်း (MMTI)(မဇ္ဈိမ)
20 October 2023
ဝဥစျေးနှုန်းကျဆင်းပြီး ဝယ်ယူသူမရှိ၍ ဝဥစိုက်သူများအခက်ခဲဖြစ်

ကရင်ပြည်နယ်အတွင်း ဝဥစျေးနှုန်းများကျဆင်းနေပြီး ဝဥအဝယ်ဒိုင်များမှာလည်း မဝယ်ယူကြသောကြောင့် ယခုနှစ်တွင် ဝဥစိုက်ပျိုးသူများအနေဖြင့် ဝင်ငွေမရသည့်အတွက် စားဝတ်နေရေး အဆင်မပြေခက်ခဲနေကြောင်း ဒေသခံများထံမှ   သိရသည်။

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့စသည့်မြို့နယ် လေးခုရှိ ကျေးရွာများတွင် နှစ်စဉ်၀ဥစိုက်ပျိုးသူများစွာရှိပြီး ယခင်နှစ်များထက် အရောင်းစျေးမှာ ထက်ဝက်နီးပါး ကျဆင်းလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ဝဥတပိဿာလျှင် ၁,၅၀၀ကျပ် မှ၂,၀၀၀ကျပ်ရရှိနေပြီး ယခုနှစ်တွင် ၈၀၀ကျပ် မှ ၉၀၀ကျပ်သာ ရရှိပြီး ဝဥစက်ရုံရှိသည့် မြဝတီသို့ ပို့ဆောင်ရာတွင် အာရှလမ်းကို အသုံးပြုနေရ၍ တိုက်ပွဲများကြောင့် ဝဥသယ်ကားများ သွားလာရေးမှာ  အဆင်မပြေခက်ခဲနေရာ အဝယ်ဒိုင်များအနေဖြင့်လည်း ကျေးရွာများသို့ လာရောက်ဝယ်ယူခြင်း မပြုကြသည့် အခြေအနေဖြစ်နေသည်။

"ဒီနှစ်က စစ်ပွဲတွေလည်းဖြစ်တော့ အဝယ်ဒိုင်တွေက နယ်ဒေသမှာ ဆင်းမလာဘူး။ သွားရောင်းတဲ့အခါမှာလည်း သူတို့ကမဝယ်ဘူး။ ကျွန်မတို့က တနှစ်တခါ ပုံမှန်စိုက်တယ် သူတို့က မဝယ်တော့ စိုက်တာတွေရှုံးတယ်" ဟု ကော့ကရိတ်ဒေသခံ ဝဥစိုက်သူ အမျိုးသမီးတဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများအဆမတန် မြင့်တက်လာသော်လည်း ဝဥစျေးနှုန်းမှာ ကျဆင်းနေပြီး ဝယ်ယူသူမရှိသဖြင့် တပိုင်တနိုင် ဝဥစိုက်ပျိုးသူများ ဝင်ငွေမရှိသဖြင့်  ယခုနှစ်တွင် စားဝတ်နေရေး အခက်ခဲကြုံတွေ့နေကြောင်း ပိုင်ကျုံမြို့နယ် ဝဥစိုက်သူတဦးက အခုလိုပြောသည်။

"စက်ရုံက ပြန်ပေးတဲ့စျေးကလည်း နည်းတယ်။ အဲဒါကြောင့် အဝယ်ဒိုင်ကလည်း မဝယ်ကြတော့ဘူး။ အခုလို သူတို့မဝယ်တဲ့အတွက် ကျွန်တော်တို့တွေ ကုန်စျေးနှုန်း တက်နေတဲ့ဒဏ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊ စားဝတ်နေရေးအတွက် ဘယ်လိုလုပ်ရမှန်းမသိဘူး"ဟု  ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင်  ဝဥဝယ်ယူသူ မရှိသောကြောင့် စားဝတ်နေရေးအတွက် ဝဥကိုအဓိကထားစိုက်ပျိုးနေကြသူများ စားဝတ်နေရေးအခက်ခဲ ကြုံတွေ့နေရသည့် ဖြစ်စဥ်မျိုးရှိခဲ့သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required