မြန်မာပြည်သူများ ဖွံ့ဖြိုးတိုးတက်ခွင့်အပါအဝင် ခံစားခွင့်များမရှိသလောက်နည်းပါးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

By မဇ္ဈိမ 
20 October 2023
မြန်မာပြည်သူများ ဖွံ့ဖြိုးတိုးတက်ခွင့်အပါအဝင် ခံစားခွင့်များမရှိသလောက်နည်းပါးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

မြန်မာပြည်သူများအပေါ် စစ်တပ် ကျူးလွန်နေသော လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်ဘဲ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ၊ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအတွင်း “လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု မှာ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းမှုကို ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ခွင့် အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများကို ခံစားခွင့် မရှိသလောက် နည်းပါးနေမည်ဖြစ်ကြောင်း သံအမတ်ကြီးက အခိုင်အမာပြောဆိုခဲ့ပါသည်။

ယခုနှစ် IIMM ၏ အစီရင်ခံစာတွင် “မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ဖော်ပြသည့် အထောက်အထား အခိုင်အမာရှိပြီး ဖမ်းဆီးစဉ် အဓမ္မပြုကျင့်ခြင်း အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း ခိုင်လုံသော သက်သေအထောက်အထားများရှိသည်” ဟု အတည်ပြုထားသည်။

မြန်မာစစ်တပ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပဋိပက္ခများအား ဖန်တီးသူဆိုသည်မှာ ထင်ရှားပေါ်လွင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၀ရက်တွင် ကုလသမဂ္ဂသို့ အစီရင်ခံပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ မြန်မာနိုင်ငံ အပေါ် တာဝန် မပျက်ကွက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်မှုတွင် မြန်မာပြည်သူများအား ချန်လှပ်မထားခဲ့ရန် သေချာစွာဆောင်ရွက်ဖို့လိုအပ်ကြောင်း ထပ်မံအသိပေးသည်။
 
စစ်တပ်က အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုတိုးမြှင့်လာခြင်း၊ စစ်မြေပြင်အတွင်း ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူ့နေအိမ်များကို ရည်ရွယ်ချက်ရှိစွာ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ် (၃) ခုကို ကျင့်သုံးနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးကလည်း ထုတ်ဖော်ပြောကြားထားသည်။

ထို့အပြင်ဗုံးခိုကျင်းများတွင်စာသင်ကြားနေရသည့် ကျောင်းသူကျောင်းသားများအနေဖြင့် စာသင် ကျောင်းများ၌ ကျောင်းသင်ခန်းစာများ ပြန်လည်ဆည်းပူးခွင့် ရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးမှုဖြင့် လူ့အခွင့်အရေးအား ကာကွယ်မြှင့်တင်ပေးနိုင်သည့်       တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ် ပြန်လည်တည်ထောင်နိုင်ရန် နိုင်ငံတကာ အကူအညီလိုအပ်သည်ဟု ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင် တစ်နိုင်ငံချင်းအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံအများ စုပေါင်းအင်အားဖြင့်သော်လည်းကောင်း ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန် သံအမတ်ကြီးက တောင်းဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly