မြင်းခြံမြို့နယ်ရှိ  ကျေးရွာ ၂ ရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

By ဓါတု (မဇ္ဈိမ)
23 October 2023
မြင်းခြံမြို့နယ်ရှိ  ကျေးရွာ ၂ ရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့
ပုံအညွှန်း-မန်ကျည်းစုရွာက ပျူစောထီးဟုနာမည်ထွက်နေသူတို့၏ မီးရှို့ခံရသည့်နေအိမ်များ။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မန်ကျည်းစုကျေးရွာနှင့် ထိန်ပန်းရွာတို့မှ နေအိမ်များကို အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံထံက သိရသည်။

“ကျွန်တော်တို့လှမ်းမြင်တာတော့ အိမ်တွေကို ဆက်တိုက်မီးရှို့တာ။ တောကျောင်းမှာ ညအိပ်ပြီး နောက်နေ့ကျ ထွက်သွားတယ်။ မန်ကျည်းစုရွာကို ခဏခဏရှိပြီ မီးရှို့တာတွေက"ဟု မန်ကျည်းစုဒေသခံတဦးက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းတွင် အိမ်ခြေ ၂၅၀ ရှိသည့် မန်ကျည်းစုကျေးရွာရှိ နေအိမ် သုံးလုံးနှင့် အောက်တိုဘာလ ၂၀ ရက်တွင် အိမ်ခြေပေါင်း ၃၀၀ကျော် ရှိသည့် ထိန်ပန်းရွာရှိ နေအိမ် ငါးလုံးတို့ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။

မန်ကျည်းစုရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များထဲတွင် ပျူစောထီးဟု နာမည်ထွက်နေသူ နှစ်ဦး၏ နေအိမ်နှစ်လုံးလည်း ပါဝင်သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများအနီး၌ တပ်စွဲထားခြင်းဖြစ်ပြီး မီးရှို့ဖျက်ဆီးသည့်နေ့က ကျေးရွာများအတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဒေသခံကဆိုသည်။

"မန်းကျည်းစုကို စစ်ကြောင်းထိုးတာ အကြိမ်ပေါင်း ၇၀ လောက်ရှိပြီ နားကပ်စစ်ကြောင်းလို့အများကခေါ်တဲ့ စစ်ကောင်စီတပ်ကပဲ မီးလာရှို့တာ”ဟု နယ်မြေခံတဦးဖြစ်သည့် ကိုဒသက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်များ၌ ဒေသခံများအား ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်လေ့ရှိသည်ဟု ၎င်းကပြောသည်။

အဆိုပါနားကပ်စစ်ကြောင်းဟု နာမည်ကြီးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် မြင်းခြံမြို့နယ်ရှိ မီးပေါက်၊ မန်ကျည်းစု၊ ဘလဲ့၊ တောင်ပုံ၊ ထိန်ပန်း၊ထန်းတောကြီးကျေးရွာများရှိ ဒေသခံအမျိူသမီးများ၏ နားကပ်များချွတ်ယူလုယက်ခြင်းကြောင့်နာမည်ဆိုးဖြင့်ကျော်ကြားနေသောစစ်ကြောင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

မေလ ၂၄ ရက်နေ့က  စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူအဖွဲ့က  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်းများပြုလုပ်သည့်အပြင် အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ သေဆုံးသူများလည်းရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာချိန်တွင် အသက် ၇၀ အရွယ် အဘိုး၊အဘွားအပါအဝင် ဒေသခံများကို စစ်ဆေးရိုက်နက်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly