ယခုနှစ် ၁၀ လအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၃၀၀ နီးပါး သေဆုံးပြီး ၅၀၀ ကျော်ဖမ်းဆီးခံရ

By 001(မဇ္စျိမ)
26 October 2023
ယခုနှစ် ၁၀ လအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၃၀၀ နီးပါး သေဆုံးပြီး ၅၀၀ ကျော်ဖမ်းဆီးခံရ
Photo - စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိစစ်​ဘေး​ရှောင်အမျိုးသမီးများအား ​သြဂုတ်လအတွင်းက ​တွေ့ရစဥ် (ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတဝန်းအမျိုးသမီး ၂၉၃ ဦးသေဆုံးခဲ့ပြီး ၅၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP )က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှုများတွင် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး အဆိုပါ ၁၀ လတာအတွင်း စစ်ကိုင်းတိုင်းမှ အမျိုးသမီး ၁၅၂ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံရမှုအများဆုံးမှာ မန္တလေးတိုင်းမှ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီကြောင့် နိုင်ငံတဝန်းအမျိုးသမီး ၃၀၀ နီးပါး သေဆုံးရမှုတွင် လက်နက်ကြီးကျည်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၀ နီးပါး ပါဝင်ကြောင်းလည်း AAPP က ​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိ အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးရသည့်အပြင် မီးရှို့သတ်ဖြတ်ခံရမှုများလည်းရှိကြောင်း အမျိုးသမီးမဟာမိတ်အင်အားစု (WAB) အဖွဲ့ဝင် မချောစုစံက ပြောသည်။

“လက်နက်ကြီး စဉ်ဆက်မပြတ်ထုတာတွေကြောင့်မလို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာမျိုးရှိတယ်။ နောက်ပြီးလေယာဉ်နဲ့တိုက်ခိုက်တာမျိုး၊ ခြေလျင်စစ်ကြောင်းတွေနဲ့ ဝင်တဲ့အခါမှာ တချို့အမျိုးသမီးတွေ မပြေးနိုင်ဘူး။ အဲ့ဒီအခါမှာ မီးထဲမှာ မီးရှို့သတ်ခံရတာမျိုးပေါ့။ ဒါမျိုးတွေလည်း ကြုံနေရတယ်။ အဲ့ဒီလိုပုံစံမျိုးတွေ တွေ့နေရတယ်”ဟု ဆိုသည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း အမျိုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံမှုများခံစားနေရခြင်း၊ စစ်ကောင်စီဂိတ်များတွင် အမျိုးသမီးများအပေါ် ထိကပါးရိကပါးများ ပြောဆိုခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရလည်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ် စသည်တို့ကိုလည်း ခံစားနေကြရကြောင်း မချောစုစံက ပြောသည်။

“အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုပြီး နှစ်မျိုးရှိတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ နေ့စဉ်မလုံခြုံမှုပေါ့။ ဘယ်အချိန် စစ်ကြောင်း ထိုးလာမလဲ။ ဘယ်အချိန်ဝင်စီးမလဲ၊ နောက်ပြီး အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့် ငါတို့အပေါ်မှာ ဘယ်လိုအကြမ်းဖက်မှုတွေလုပ်မလဲ ဆိုတဲ့စိုးရိမ်ချက်တွေနဲ့ နေ့စဉ်နဲ့အမျှ မလုံခြုံမှုကို ခံစားနေရတယ်” ဟု သူက ဆိုသည်။

ယခုနှစ် ၁၀ လတာအတွင်း နိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံတရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသည့်အမျိုးသမီး ၂၆၀ ကျော်ရှိကာ ၎င်းတို့အနက် ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရသူ ၁၆ ဦး၊ သေဒဏ်ချမှတ်ခံရသူ လေးဦးနှင့် အဆိုပါပြစ်ဒဏ်နှစ်မျိုးလုံး ချမှတ်ခံရသူ တဦးရှိကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၆၀၀ ကျော်သေဆုံးခဲ့ပြီး ၄,၉၀၀ ကျော်ဖမ်းဆီးခံခဲ့ရကာ ၃,၅၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP က အောက်တိုဘာလ ၁ ရက်နေ့ကထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required