တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်သား CDF ထံ ခိုလှုံ

By ပါခွီး (မဇ္စျိမ)
23 October 2023
တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်သား CDF ထံ ခိုလှုံ
ပုံအညွှန်း - CDF ထံသို့ဝင်ရောက်ခိုလှုံလာသူ (ဓါတ်ပုံ - CDF-CDM–Siyin)

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းစစ်ကောင်စီတပ်စခန်းမှ တပ်သားတဦး ခိုလှုံလာကြောင်း CDF – Civic Defense Militia  (CDM – Siyin) တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၂၂ရက်တွင် ထုတ်ပြန်သည်။

ခလရ (၂၆၉) မှ ရဲဘော် ကိုစိုင်းဇော်ထွေး ဆိုသူသည် အောက်တိုဘာလ ၂၀ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံလာခြင်း ဖြစ်သည်။

“ကျနော်တို့ တင်တဲ့ပို့စ်တွေကိုတွေ့ပြီး ရအောင်ခိုးထွက်လာတာပါ ။ လက်နက်တော့ ပါမလာဘူး” ဟု CDF - CDM – Siyin တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် တပ်အတွင်း နေထိုင်လိုခြင်းမရှိသောကြောင့် ထွက်ပြေးရန် သုံးကြိမ်တိုင် ကြိုးစားခဲ့ပြီး ယခုအကြိမ်တွင်အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ကိုစိုင်းဇော်ထွေးသည် အသက် ၃၁နှစ် အရွယ်ရှိပြီး ၂၀၁၈ ခုနှစ်တွင် စစ်တပ်အတွင်း ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ခိုလှုံလာသည့်အပေါ် အားရကျေနပ်မှုအပြည့်ဖြင့် ကြိုဆိုသည့်အပြင် လွတ်မြောက်နယ်မြေသို့ ရောက်သည်အထိ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် လိုလေသေးမရှိ ကိစ္စအဝဝကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် တဖက်နှင့် တဖက် မနစ်နာရေးအတွက် ပြည်သူ့ဘက်သို့ အချိန်မီ ခိုလှုံကြရန်နှင့် တတ်နိုင်သည့်ဘက်မှ အကူအညီများ ပေးမည်ဖြစ်ပြီး ကြိုဆိုဖိတ်ခေါ်နေပါကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အကယ်၍ လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာပါက ကျပ် ၅၀၀၀,၀၀၀(သိန်းငါးဆယ်) နှင့်အထက်မှ ပစ္စည်းအမျိုးအစားနှင့် အရေအတွက်ပေါ် မူတည်၍ နောက်ထပ်ဆုငွေများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ CDF - CDM – Siyin တပ်ဖွဲ့ထံသို့ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် အဖွဲ့ဝင် ၁၀ဦးအထက် ဝင်ရောက်ခိုလှုံခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly